
ALynn (NP News) - အောက်တိုဘာ ၃၁
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရ ပိုမိုလွယ်ကူစေရန်အတွက် ကမ္ဘာ့ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ အမည်မဲစာရင်းမှ မြန်မာနိုင်ငံကို ပယ်ဖျက်ပေးရန် တိုက်တွန်းတောင်းဆိုလျက်ရှိကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရသိရသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ဘဏ္ဍာငွေထောက်ပံ့မှု တားဆီးရေးအတွက် မြန်မာနိုင်ငံနှင့် ဘဏ္ဍာရေးဆိုင်ရာ ငွေလွှဲပြောင်းမှုများကို အဖွဲ့ဝင်နိုင်ငံများက ပိုမိုတင်းကျပ်စွာ စိစစ်ရန် ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များကို FATF အနေဖြင့် ရုပ်သိမ်းပေးစေလိုကြောင်း ဂျပန်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးနှင့် ဖြစ်စဉ်ကို သိရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာက ဖော်ပြခဲ့သည်။
အဆိုပါ Blacklist စာရင်းမှ ပယ်ဖျက်ပေးလိုက်ပါက အွန်လိုင်းလိမ်လည်မှု ဗဟိုဌာနများနှင့် တရားမဝင် ဘဏ္ဍာရေးလုပ်ငန်းများကြောင့် စောင့်ကြည့်စိစစ်ခံနေရသည့် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ရာတွင် စိစစ်စစ်ဆေးမှုများ လျော့ပါးသွားမည်ဖြစ်သည်။
အဖွဲ့ဝင် (၄၀) ပါဝင်သည့် အဆိုပါအဖွဲ့သည် ယခုနှစ်၏ တတိယမြောက်နှင့် နောက်ဆုံးဖြစ်သော ညီလာခံကို သောကြာနေ့တွင် ပါရီမြို့၌ ကျင်းပခဲ့သည်။
အပြောင်းအလဲတစ်ခု ချက်ချင်းဖြစ်ပေါ်လာနိုင်ခြင်း ရှိ/မရှိက မသေချာသေးသော်လည်း အမည်မဖောလိုသည့် ဒုတိယမြောက် သတင်းရင်းမြစ်၏ အဆိုအရ အခြား အာရှအင်အားကြီးနိုင်ငံ တစ်နိုင်ငံကလည်း မြန်မာနိုင်ငံကို Blacklist မှ ပယ်ဖျက်ရေးအတွက် တိုက်တွန်းနေကြောင်း သိရသည်။
FATF အတွင်းရေးမှူးရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ဆွေးနွေးချက်များကို လျှို့ဝှက်ထားရှိကြောင်း၊ Blacklist နှင့် ပတ်သက်၍ ပြောင်းလဲမှုများကို သောကြာနေ့ ဆွေးနွေးပွဲအပြီးတွင် ကြေညာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူအား မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။