NP News

ပြတင်းပေါက်နေရာ ပလပ်စတစ်စဖြင့်ကာ၍ လိုင်းပြေးဆွဲသည့် YBS ယာဥ်ရှိလာနေ

ကိုဖြိုး (NP News) - အောက်တိုဘာ ၃၁

ရန်ကုန်မြို့တွင် ပြေးဆွဲသည့် YBS ကားများမှာ ဟောင်းနွမ်းပြီး ကြံခိုင်မှုနည်းနေပြီး တချို့ကားမှာ ပြတင်း ပေါက်မှန်မရှိသည်ကို ပြူပြင်ခြင်းမရှိဘဲ ပလပ်စတစ်အကြည်စဖြင့် ကာ၍ ပြေးဆွဲတာမျိုးကတွေ့နေရကြောင်း ပုံမှန် YBS စီးနင်းသူများထံမှ သိရသည်။

" အခု မနက်ဘဲ စီးလာတာ။ ကားက ပြတင်းပေါက်မှန်မရှိဘူး။ မိုးရွာရင် မိုးစိုမှာစိုးလို့ ပလတ်စတစ်နဲ့ ကာ ထားတယ်။ နေပူလာတော့ ပလပ်စတစ်စကာ ပျော့ကျလာရော။ လက်နဲ့ထိုးရင်တောင် ပေါက်ထွက်တာလေ။ တကယ်ကို စိတ်ဓာတ်ပါကျတယ်။ မတော်တဆ မှောက်တာတိုက်တာဆို ခရီးသည်တွေ လွင့်ကုန်မှာ" ဟု ပလပ်စတစ်စဖြင့်ကာထားသည့် YBS ကို စီးနင်းလာသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်မညီဘဲ ဟောင်းနွမ်းပျက်စီးနေသော YBS ယာဉ်များကိုစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး အစီး ရေ (၄၈၀) ကျော်ကို ပြေးဆွဲခွင့်ယာယီရပ်ဆိုင်းထားကြောင်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါယာဉ်များမှာ လိုအပ်သော ပြင်ဆင်မှုများပြုလုပ်ပြီးနောက် YRTC တွင် စစ်ဆေးခံယူပြီးမှသာ ယာဉ် လိုင်း ပြန်လည် ပြေးဆွဲခွင့်ပြုခြင်းလည်းဖြစ်သည်။ ယခု (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်အ ထိ စာရင်းများအရ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်မညီသည့်အတွက် ယာဉ်လိုင်းပြေးဆွဲခွင့်ယာယီရပ် ဆိုင်း ထားသော YBS မှာ (၄၈၈) စီးရှိကြောင်း သိရသည်။

YBS ကုမ္ပဏီများအနေဖြင့်လည်း ယာဉ် မထွက်မီယာဉ်တစ်စီးချင်းအလိုက် စနစ်တကျစစ်ဆေးမှုများပြုလုပ်စေပြီး ယာဉ်ကြံ့ခိုင်မှုရှိမှသာ ဂိတ်လွှတ်ပြေးဆွဲရန် ပြုလုပ်သင့်ကြောင်း YRTC မှ ညွှန်ကြားထားသည်။
YBS ယာဉ်များတွင် ထိုင်ခုံလက်တင်နေရာမှ ပေါက်ပြဲ၍ သံစထွက်နေခြင်း၊ အပေါ်လက်တန်းများ ပြုတ်နေ ခြင်း၊ ချောင်နေခြင်း အစရှိသော ခရီးသည်များအပေါ် တိုက်ရိုက်ထိခိုက်ဒဏ်ရာရစေနိုင်သည့် ချို့ယွင်းချက်များကို YRTC စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးတွေ့ရှိသည့်အခါ အဆိုပါယာဉ်ကို လိုင်းဆွဲမှု ရပ်နားစေ၍ ပြင်ဆင်မှုများကို လုပ်ဆောင်စေကြောင်း သိရသည်။

YBS အများစုတွင် ယခုနောက်ပိုင်း ဟောင်းနွမ်းလာပြီး အချို့သောယာဉ်များတွင် ကြမ်းခင်းများပေါက်ပြဲခြင်း၊ ထိုင်ခုံများ ကျိုးပဲ့နေခြင်း၊ အဲယားကွန်းလေထွက်ပေါက်နှင့် မျက်နှာကျက်များတွင် ဖုန်များ၊ ချေးညှော်များဖြင့် ပိတ်ဆို့ညစ်ပေနေခြင်းများ ရှိကြောင်း ခရီးသွားများထံမှ သိရသည်။
ယခုအောက်တိုဘာလအတွင်း နေ့စဉ်ပျမ်းမျှ စီးနင်းသူမှာ (၁၇) သိန်းကျော်ရှိနေပြီး ယာဉ်လိုင်းပေါင်း (၁၃၀) ကျော် မှ ယာဉ်စီးရေ (၃၃၄၀) ကျော်ဖြင့် ပြေးဆွဲနေကြောင်းလည်း YRTC ၏ စာရင်းများအရ သိရသည်။

မူရင်းသတင်း — NP News