NP News

Express များ ခရီးသည်၏ ပစ္စည်းမှလွဲ၍ ကုန်မတင်ရန် သတ်မှတ်ချက်ကြောင့် စားသောက်ကုန်လုပ်ငန်းရှင်အချို့ အခက် တွေ့

ပုလဲ (NP News) - အောက်တိုဘာ ၃၁

Express များ ခရီးသည်၏ ပစ္စည်းမှလွဲ၍ ကုန်မတင်ရန် သတ်မှတ်ချက်ကြောင့် စားသောက်ကုန်လုပ်ငန်းရှင်အချို့ အခက် တွေ့နေကြောင်း ယာဉ်မောင်းများနှင့်လုပ်ငန်းရှင်အချို့ထံ NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
အမြန်လမ်းအသုံးပြုနေသည့် ခရီးသည်တင်ယာဥ် Express များအနေဖြင့်ခရီးသည်၏ ပစ္စည်းမှလွဲ၍ ကုန်မတင်ရန်နှင့် ကုန်တင်လာကြောင်းစစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီးများဥပဒေအရ အရေးယူခံရမည့်အပြင် အမြန်လမ်းသုံးစွဲခွင့်ပါ ရုပ်သိမ်းခြင်းခံရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသ ည်။
ယာဉ်လိုင်းအချို့အနေဖြင့် ခရီးသည်အပြည့်မရရှိခြင်း၊ ဆီဖိုးကြီးမြင့်ခြင်းတို့ကြောင့် ယခင် သတ်မှတ်ထားသည့် တန် အလေးချိန်အတိုင်း ကုန်များကိုသာ အဓိက အားကိုး၍ မောင်းနှင်နေကြသည့်အတွက် အဆိုပါသတ်မှတ်ချက်ကြောင့် အခက်အခဲအချို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
“အချို့ ယာဉ်လိုင်းတွေကို ခရီးသည်က သိပ်မစီးဘူး။ စီးလည်း တစ်ယောက်စ နှစ်ယောက်စလောက်ပဲ။ ဒီလိုင်းတွေကျတော့ ခရီးသည် ဒီလောက်ကြီး မပါဘူး။ ကုန်ပဲ အဓိကထားတာ။ တန် ဘယ်လောက်မကျော်နဲ့ဆို မကျော်ရင် ပြီးတာပဲ မဟုတ်ဘူး လား။ အမြန်လမ်း လုံးဝ ကုန်တင်ခွင့်မရဘူး ဆိုတော့ အမြန်လမ်းရဲတွေပဲ လုပ်စားကိုင်စားလို့ ရမှာပဲ” ဟု ယာဉ်လိုင်းများနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
စားသောက်ကုန်အချို့နှင့် ပုပ်သိုးလွယ်သည့် ကုန်စည်များအတွက် ကုန်ကားများဖြင့် အမြန်လမ်းမှ သွားလာခွင့်ပြုထားသော် လည်း ကုန်ကားများအနေဖြင့် သတ်မှတ်အရေအတွက်ပြည့်မှသာ ပို့ဆောင်သည့်အချက် အချိန်အားဖြင့် ကြာမြင့်နိုင်ကြောင်း လည်း သိရသည်။

“ပုပ်လွယ်တဲ့ ဥစ္စာတွေကျတော့ လမ်းဟောင်းကတော့ ကုန်ကားတွေနဲ့ သွားဖို့က အဆင်မပြေဘူး။ Express ကားတွေနဲ့ကျမှ ဒီ ညနေထွက် မနက်ရောက်၊ မနက်ထွက် ညနေရောက် အဲလို မြန်တာလေ။ သူတို့ကတော့ တစ်ချက်ပြောစရာရှိလိမ့်ဦး မှာပေါ့ ငါတို့ Telematics တပ်ပေးထားတယ်။ ပုပ်သိုးကုန်တွေ အမြန်လမ်းကနေ သွားခွင့်ပေးထားတယ်လို့ သူပြောရင် ပြောလိမ့်မယ်ပေါ့နော်။ ဒီဟာတွေကလည်း ကုန်ကားတွေကလည်း စီးလုံးရမှ သူတို့က သွားနိုင်တာလေ” ဟု ပြောသည်။
အဆိုပါ သတ်မှတ်ချက်ကြောင့် ဒိန်ချဉ် နှင့် မုန့်မျိုးစုံပို့ဆောင်ရေးအတွက် အခက်တွေ့နေကြောင်းလည်း စားသောက်ကုန် လုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည် ။
“ကုန်ကား ဆိုတာကတော့ ကုန်ပြည့်မှ ထွက်မှာ။ ကုန်စိမ်း ဘာညာကတော့ ထိခိုက်ခံလို့လည်း ရတယ်။ ထားလို့လည်း ရတယ်။ ကျွန်တော်တို့ကျတော့ မုန့် ဖြစ်တယ်။ မုန့်လည်း ဖြစ်တယ်။ ဒိန်ချဉ်လည်း ဖြစ်တယ်။ ဟိုကနေပြီး အေးခဲပြီးတော့ ပို့လိုက်တာ။ ရောက်တာနဲ့ ချက်ချင်း ရေခဲသေတ္တာထဲ ပြန်ထည့်ပြီး နောက်နေ့ကျမှ ပြန်ဖြန့်ရတာ။ လမ်းမှာ ကြာသွား တယ်ဆိုရင် အဲဒီ ဒိန်ချဉ်က ပျက်သွားရော။ မုန့်ဆိုရင်လည်း အဝေးကနေ ယူရတာ ဖြစ်တဲ့အတွက် လမ်းမှာ နှစ်ရက်လောက် ကြာတယ်ဆိုရင် သက်တမ်းက တစ်ပတ်ပဲပေးတယ်။ နေ့လယ်က တင်ပေးလိုက်တဲ့ကားက ကျွန်တော်တို့ဆီကို မနက်ခင်းဆိုရင် မုန့်က ရောက်ပြီ။ အဲဒါဆို ချက်ချင်း ဖြန့်လိုက်ရုံပဲ။ သက်တမ်းကလည်း သိပ်ပြဿနာ မရှိတော့ဘူး” ဟု ပြောသည်။
ခရီးသည်တင်ယာဥ် express များအနေဖြင့်လည်း ကညန က သတ်မှတ်ထားသော ခရီးသည်ဦးရေအတိုင်းသာ တင်ဆောင် ခြင်း၊ တာယာ/ဘရိတ်/အောက်ပိုင်းစနစ်များအမြဲစစ်ဆေးခြင်းများပြုလုပ်ရန် နှင့် ခရီးသည်တင်ယာဥ်၌ ကုန်တင်ပါက ကုန်အလေးချိန်ကြောင့် ယာဥ်ဘီးပေါက်/ဘရိတ်မမိ/တိမ်းမှောက်နိုင်‌ေကြာင်း၊ ထို့ကြောင့် ခရီးသည်၏ ပစ္စည်းမှလွဲ၍ ကုန်မတင်ရန်နှင့် ကုန်တင်လာကြောင်းစစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီးများဥပဒေအရအရေးယူခံရမည့်အပြင် အမြန်လမ်း သုံးစွဲခွင့်ပါ ရုပ်သိမ်းခြင်းခံရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေး နှင့်ကြီးကြပ်ရေးအဖွဲ့မှ အသိပေးထားသည်။

မူရင်းသတင်း — NP News