
စော (NP News) - အောက်တိုဘာ ၃၁
ထိုင်းနိုင်ငံရှိ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအချို့တွင် မြန်မာ့ယဉ်ကျေးမှု နှင့် မြန်မာဝတ်စုံများ ပါဝင်လာနေသည့် ကိစ္စမျိုး ထပ်မဖြစ်ရန် မြန်မာယဉ်ကျေးမှုကို ပိုမိုဖော်ထုတ်ရန်လိုကြောင်း ယဉ်ကျေးမှု နှင့် ရှေးဟောင်းသုတေသီ နယ်ပယ်မှ ပုဂ္ဂိုလ်များထံ မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်း က ထိုင်းဇာတ်လမ်းတွဲ တစ်ခု ဖြစ်သော Scarlet Heart Thailand တွင် မြန်မာဝတ်စုံ၊ ရခိုင် ဆီမီးခွက်အက စသည်တို့ကို အသုံးပြုခဲ့သည့် အပေါ် မြန်မာနိုင်ငံမှ ထင်ရှားသူများ အပါအဝင် မြန်မာနိုင်ငံသား အများအပြားက ၎င်းတို့၏ အင်တာနက် စာမျက်နှာများထက်တွင် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့ကြောင်း ယင်းဇာတ်လမ်းတွဲကို ထုတ်လုပ်သော GMMTV ကုမ္ပဏီ က ထုတ်ပြန်ချက်တစ်စောင် ထုတ်ကာ ယင်း ဇာတ်လမ်းတွဲပါ အဝတ်အစားနှင့်ပတ်သက်၍ တောင်းပန်၊ ဖြေရှင်းခဲ့သည်။
“ရှိတာတော့ သိတယ်ပေါ့ဗျာ။ များများသိအောင်လို့ ကျွန်တော်တို့ဖော်ထုတ်ဖို့တွေ အများကြီး လိုတာ ပေါ့ဗျာ ။ အဲဒါကြောင့် မို့ လို့ ကျွန်တော်တို့ ကိုယ့် ယဉ်ကျေးမှုတွေကို တစ်နည်းအားဖြင့်ပြောရင် ကိုယ့် လူမျိုးက အရင်တန်ဖိုးထားအောင်လို့ ကျွန်တော်တို့တွေက ဒီလို ယဉ်ကျေးမှုတွေ ရှိတယ်ဆိုတာကို ဖော်ထုတ်ပေးဖို့ အများကြီး လိုတယ်ပေါ့ ဗျာ။ အဓိက ကိုယ့် ယဉ်ကျေးမှုကို ကိုယ်အရင် တန်ဖိုးထားဖို့ က အဓိကပဲ မဟုတ်လား။ ကိုယ်ကတန်ဖိုးမထားတော့ သူများက ယူသုံးတယ်ပေါ့ဗျာ။ တန်ဖိုးမထားဘူး ဆိုတာက ဒီလို တန်ဖိုးမသိဘူး။ သိတဲ့သူက လူနည်းစု ဖြစ်နေတယ် ”ဟု ရှေးဟောင်းသုတေသီ တစ်ဦးက ပြောသည်။
ထို့ကြောင့် ယဉ်ကျေးမှုတန်ဖိုးသိရှိသူများက မသိသေးသူများအတွက် Social Media များဖြစ်သော ဖေ့စ်ဘုတ်ခ်စာမျက်နှာ၊ တယ်လီဂရမ်၊ Print မီဒီယာများမှတဆင့် ရေးသားဖြန့်ဝေပေးရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့မှာဆိုရင် သင်္ကြန်ပွဲ ရှိမယ်။ သီတင်းကျွတ်ရှိမယ်။ နောက် တန်ဆောင်တိုင်ပွဲ ရှိမယ်။ အဲဒီလိုပွဲလေးတွေမှာ ကျွန်တော်တို့ ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို ယဉ်ကျေးမှုအမွေအနှစ်နဲ့ဆိုင်တဲ့ ပွဲလေးတွေမှာ ပြန်ဖော်ထုတ်တာ။ ဒီနှစ်မန္တလေးမှာ ကျွန်တော်တို့ သနပ်ခါးဖော်ထုတ်တာလေးတွေ ဆိုရင်လည်း အောင်မြင်တယ်ပေါ့နော်။ နောက်ကျွန်တော်တို့ ဒီ ရွှေမန်းသူလေး သီချင်းလေးနဲ့ စက်ဘီးလေးတွေတွန်းလာတာ။ တကယ်ပြောရလို့ရှိရင် ဒီစက်ဘီးယဉ်ကျေးမှု ဆိုတာ မန္တလေးမှာ ပျောက်သလောက်ကို ဖြစ်တာပေါ့နော်။ ဒါပေမဲ့ အားလုံး တစ်ခဲနက် အားပေးတယ်ပေါ့။ ပျောက်ကွယ် သွားတာထက် ကျွန်တော်တို့က ပျောက်ကွယ်နေတဲ့ဟာလေးတွေကို မမေ့အောင်လို့ ခဏခဏပြန် ဖော်ထုတ်ရင် မြန်မာပစ္စည်းဟာ မြန်မာပါဆိုတာကို ရရှိမှာပေါ့”ဟုကုန်းဘောင်ဆက်မောင်နှမများမှ ကိုထိပ်တင်အောင်က ပြောသည်။
Scarlet Heart Thailand ဇာတ်လမ်းထွက်ပေါ်လာသည့်အချိန်တွင် မြန်မာနိုင်ငံမှ လူငယ်များသည် စည်းလုံးမှုရှိသည်ကိုမြင်တွေ့ရကြောင်း အနွယ်တော်တစ်ဦးလည်းဖြစ်၊ မြန်မာ့ယဉ်ကျေးမှုများကို ဖော်ထုတ်နေသူ တစ်ဦးလည်း ဖြစ်သည့် ထိပ်တင်စည်သူဟိန်းမှ ပြောသည်။
“မြန်မာလူငယ်တွေအနေနဲ့ ဆက်တိုက်ပေါ့နော်။ ဒီမြန်မာ့ယဉ်ကျေးမှုကို စဉ်ဆက်မပျက်ပေါ့နော်။ ဆက်ပြီးလုပ်စေချင်တယ်။ ဒီရုပ်ရှင်ကားကြောင့်မှ မဟုတ်ဘူးပေါ့နော်။ အိမ်နီးချင်းနိုင်ငံတွေကတော့ ရိုးရာယဉ်ကျေးမှု ကောင်းမွန်တယ်ဟေ့ဆိုရင်တော့ သူတို့ကယူသုံးမှာပဲပေါ့။ ဒါပေမဲ့လို့ ကိုယ်ကိုယ်တိုင်က ဝတ်ပြမှ၊ ကိုယ်ကိုယ်တိုင်က ထိန်းသိမ်းနိုင်မှ၊ ထိန်းသိမ်းမှသာလျှင် ပိုပြီးတော့ ဘောင်ဝင်တယ်ပေါ့။ ပြောရမယ်ဆိုတော့ တရားဝင်တယ်ပေါ့။ အဲ့ဒါကြောင့်မို့လို့ ဒီ ရိုးရာဝတ်စားဆင်ယင်မှုတွေကို ကိုယ်ပိုင်တယ်။ ကိုယ်တွေ ဘိုဘွားတွေ ပိုင်ခဲ့တယ်။ ကိုယ်တွေ လက်ထက်မှာလည်း အမြတ်တနိုးနဲ့ ဝတ်ဆင်တယ်ပေါ့နော်။ ဒီ အသုံးအနှုန်းတွေ အမြတ်တနိုးနဲ့ သုံးစွဲတယ်ပေါ့နော်။ အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ်”ဟု ၎င်းကဆိုသည်။