NP News

NUG လက်အောက်ခံ ဟင်္သာတခရိုင်တပ်ရင်း(၃)မှ တပ်ရေးတာဝန်ခံကို ဖမ်းမိ

သုတကျော် (NP News) - အောက်တိုဘာ ၃၀

အကြမ်းဖက် NUG လက်အောက်ရှိ ဟင်္သာတခရိုင်တပ်ရင်း(၃)မှ တပ်ရေးတာဝန်ခံ ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေ ကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ရဟန်းသံဃာ များ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့်နေရာများတွင် မိုင်းထောင်ဖောက်ခွဲ ခြင်းများ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံတော် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်သမား များအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့ တိုင်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်တွင် ဟင်္သာတခရိုင် တပ်ရင်း (၃)အမည်ခံ အကြမ်းဖက် PDF အဖွဲ့မှ တပ်ရေးတာဝန်ခံအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဝင့်လွှာအောင် (ခ) စစ်ငြိမ်းမေအား လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ အကြမ်းဖက်အဖွဲ့ဝင် ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊မေလမှ ဇွန်လအထိ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော KNU အဖွဲ့၏ တပ်မဟာ(၇)သို့သွားရောက်၍ အကြမ်းဖက် စစ်သင်တန်း တက်ရောက်ခဲ့ပြီး တပ်မဟာ(၇)၊ ဟင်္သာတခရိုင်တပ်ရင်း(၁)၊ ဧရာဝတီရိုးမစစ်ကြောင်း နှင့် ဟင်္သာတခရိုင်တပ်ရင်း(၃)တို့တွင် ရုံးတာဝန်ခံ၊ တပ်ရေး/တပ်ထောက် တာဝန်များ စသည့် အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး ရန်ကုန်မြို့၌ ဟင်္သာတခရိုင်တပ်ရင်း(၃)၏ အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံ အကြမ်းဖက်အဖွဲ့ဝင် ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေသည် ဟင်္သာတခရိုင်တပ်ရင်း(၃)တွင် တပ်ရေးတာဝန်ခံအဖြစ် စတင်တာဝန်ထမ်းဆောင် ချိန်မှစ၍ အင်အားစာရင်းများပြုစုခြင်း၊ အကြမ်းဖက်ထောက်ပံ့ငွေ အလွှဲ/အပြောင်း များအား ဆောင်ရွက်ပေးခြင်း၊ နေ့စဉ်ပြန်တမ်းများပေးပို့ခြင်း၊ ထိခိုက်ကျဆုံး/ဒဏ်ရာရ စာရင်းများ ပေးပို့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ဟင်္သာတခရိုင်တပ်ရင်း(၃)၏ အကြမ်းဖက်ထောက်ပံ့ ဝင်ငွေ/ထွက်ငွေ ကိစ္စရပ်များအား အွန်လိုင်းငွေကြေး ဝန်ဆောင်မှုစနစ်များအသုံးပြု၍ လွှဲပြောင်း/လက်ခံခြင်း ပြုလုပ်ခဲ့ကြောင်း၊ ၎င်းထံသို့ အကြမ်းဖက် MOD မှ ၃ လလျှင် ၁ ကြိမ် ပေးပို့သည့် လစာများနှင့် အကြမ်းဖက် အားပေးထောက်ခံသူများမှ ပေးပို့သည့်ငွေများအား အကြမ်းဖက် PDF အဖွဲ့ ဟင်္သာတခရိုင်တပ်ရင်း(၃)မှ တပ်ရင်းမှူးအဆင့်ရှိ ရဲကျော်သူ(ခ)ရဲခေါင်၏ အစီအစဉ်ဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ပြည်သူတစ်ရပ်လုံးက အထက်ပါ ဖမ်းဆီးရမိတရားခံ အကြမ်းဖက်အဖွဲ့ဝင် ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေ အားအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီးအကြမ်းဖက်မှုလုပ်ဆောင်နေသူများအား ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ၏ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

မူရင်းသတင်း — NP News