NP News

NUG အတွက် Nway Oo Hti Website မှတစ်ဆင့် တရားမဝင်ထီ ရောင်းချသူ ကိုယ်စားလှယ်များအား ဖမ်းမိ

သုတကျော် (NP News) - အောက်တိုဘာ ၃၀
အကြမ်းဖက် NUG အဖွဲ့အတွက် Nway Oo Hti Website မှတစ်ဆင့် တရားမဝင်ထီ ရောင်းချသူ ကိုယ်စားလှယ်များအား ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်စီးစေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍သွေးထိုးလှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများအား အစဉ်တစိုက်ပြုလုပ်လျက်ရှိ ပါသည်။ နိုင်ငံတော်အစိုးအရအနေဖြင့် ထိုသို့ပြုလုပ်ခဲ့မှုများအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များအား ထောက်ခံမှုနှင့် အားပေးကူညီထောက်ပံ့မှုများ ပြုလုပ်နေသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကိုလည်း ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

အကြမ်းဖက် NUG အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ၎င်းတို့အဖွဲ့ ရေရှည်ရပ်တည်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လခန့်မှစတင်၍ Nway Oo Hti Website အား အသုံးပြုကာ တရားမဝင်ထီရောင်းချခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းမှ ရရှိငွေများအား အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် ၎င်းတို့၏ လက်ဝေခံအဖွဲ့များထံသို့ ထောက်ပံ့လျက်ရှိကြောင်း၊ အကြမ်းဖက် NUG အဖွဲ့သည် နွေဦးထီရောင်းချနိုင်ရန်အတွက် ၎င်းတို့ကိုထောက်ခံ အားပေးသူများအား ကိုယ်စားလှယ်အဖြစ်ထားရှိ၍ တရားမဝင်နွေဦးထီအား ရောင်းချ လျက်ရှိကြောင်း အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏လုပ်ရပ်များကို မလိုလားသော အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ သိရှိ ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတရားမဝင် နွေဦးထီရောင်းချသူ ကိုယ်စားလှယ်များအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာတရားမဝင်နွေဦးထီ ရောင်းချသူကိုယ်စားလှယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ နန္ဒာလှိုင်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့နေ ဆုမြတ်ဝေ(ခ)လေးပေါင် တို့ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံ နန္ဒာလှိုင်သည် PRF ၏ အကြမ်းဖက်ထောက်ပို့အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလခန့်မှစ၍ နွေဦးထီ ရောင်းချသူ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ နွေဦးထီ ပေါက်သူများအား တရားမဝင် SDB ဘဏ်အကောင့်အသုံးပြု၍ ၎င်းမှတစ်ဆင့် ပြန်လည်လွှဲပေးရသူဖြစ်ကြောင်း၊ ဖမ်းဆီးရမိ တရားခံ ဆုမြတ်ဝေ(ခ)လေးပေါင်သည် PRF ၏ အကြမ်းဖက်ထောက်ပို့အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လမှစ၍ တရားမဝင် နွေဦးထီ ရောင်းချသူ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး ၎င်းကိုယ်တိုင် တရားမဝင်နွေဦးထီများအား လစဉ် ဝယ်ယူခဲ့ကြောင်းနှင့် ထီရောင်းချရသည့်ငွေများအား အကြမ်းဖက်အဖွဲ့များထံသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ တရားခံ ၂ ဦးသည် PRF ၏ အကြမ်းဖက်ထောက်ပို့ အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခြင်း၊ အကြမ်းဖက်ထောက်ပို့ငွေများအား ငွေပေး/ငွေယူ ပြုလုပ်၍ လွှဲပြောင်း ပေးခြင်း၊ တရားမဝင်နွေဦးထီလုပ်ငန်းတွင် ထီရောင်းချသူ ကိုယ်စားလှယ်အဖြစ် ပါဝင် ဆောင်ရွက်ခြင်းတို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက် NUG အဖွဲ့၏ တရားမဝင် နွေဦးထီ ရောင်းချသူကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူများ၊ ဝယ်ယူအားပေးသူများနှင့် ပါဝင် ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

CRPH၊ NUG အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမား များအား ထောက်ခံမှု၊ အားပေးကူညီမှုနှင့် ငွေကြေးထောက်ပံ့မှုများ မပြုလုပ်ခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်နှင့်အညီ မိဘ ပြည်သူများအနေဖြင့် အကြမ်းဖက်အားပေးထောက်ခံမှုပြုလုပ်နေသူများ၏ သတင်းကို သိရှိပါကသက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့တိုင်ကြား နိုင်ပြီး သတင်းပေးပို့လာသူများကိုလည်း ထိုက်တန်စွာ ဆုကြေးများချီးမြှင့်ပေးအပ်သွား မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News