
ထိုက်စံ(NP News)-အောက်တိုဘာ ၃၀
ပုဇွန်တောင်မြို့နယ်ရှိ Chlorine Dosing Pump ခိုးယူခြင်းခံရမှုအား အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)အနေဖြင့် ရန်ကုန်မြို့တော် နေပြည်သူများ ထံသို့ ရေအရင်းအမြစ်ကြီးများနှင့် ရေသန့်စင်စက်ရုံများမှ သန့်စင်ပြီးသော သောက်သုံးရေများကို ရေတွန်းစက်ကြီးများအသုံးပြု၍ ရေပို့ပိုက်မကြီးများမှ တစ်ဆင့် ရေစုကန်များသို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြို့နယ်အတွင်းရှိ ရေဖြန့်ဖြူးရေးပိုက်လိုင်း ကွန်ရက်များအတွင်းသို့လည်းကောင်း အဆင့်ဆင့် ရေသုံးစွဲသူပြည်သူများထံသို့ စနစ်တကျပို့ဆောင် ဖြန့်ဖြူးပေးဝေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေတွင်ပါဝင်သည့် Bacteria များကို ဖယ်ရှားသန့်စင်ရန်အတွက် ငမိုးရိပ်ရေသန့်စင် စက်ရုံ(ညောင်နှစ်ပင်)၊ လဂွန်းပြင်ရေသန့်စင်စက်ရုံ၊ လှော်ကားရေတွန်းစက်ရုံ၊ ရေကူးရေတွန်းစက်ရုံတို့တွင် ကလိုရင်းဆေးခတ် ပိုးသတ်သည့်စနစ်ထည့်သွင်း ဆောင်ရွက်သည့်အပြင် မိုးရာသီကာလတွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်များရှိ ရေပေးဝေရေး ပိုက်လိုင်းကွန်ရက်များအတွင်း ထပ်ဆင့်ကလိုရင်းဆေးခတ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ထားရှိရာတွင် ပုဇွန်တောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့် ရှိ ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံတားမြို့နယ် နှင့် ပုဇွန်တောင်မြို့နယ်များသို့ ထပ်ဆင့်ရေတွန်း ပေးဝေနေသောရေတွန်းစက်အဆောက်အဦတွင်တပ်ဆင်ထားသော ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်း များအတွင်းသို့ ကလိုရင်းဆေးခတ်ခြင်းဆောင်ရွက်နေသည့် Chlorine Dosing Pump မှာ ယမန်နေ့(အောက်တိုဘာ ၂၈ ရက်)၊ နံနက်ပိုင်း (၄) နာရီခန့်က ရေတွန်းစက်အဆောက်အဦး၏ တံခါးအား ဖျက်၍ ခိုးယူခြင်းခံရကြောင်း သိရသည်။
မြို့နယ်နေပြည်သူများ အတွက် သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေရရှိစေရေး ရေသန့်စင်စနစ်တပ်ဆင်ဆောင်ရွက်ထားခြင်းအပေါ် ဖျက်ဆီးခိုးယူခံရမှု နှင့်ပတ်သက်၍ မြို့နယ်နေပြည်သူများအနေဖြင့်လည်းများစွာ စိတ်အနှောင့်အယှက်ဖြစ်ပေါ်မူ ရှိကြောင်းကိုလည်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း ရေတွန်းစက်အဆောက်အဦ အတွင်းတပ်ဆင်ထားသော ရေပေးဝေရေးဆိုင်ရာစက်ပစ္စည်းများနှင့် အဆောက်အဦး လုံခြုံမှုရှိစေရေး အတွက်လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံထုတ်ပြန်ထားသည်။
အဆိုပါ Chlorine Dosing Pump ခိုးယူသွားသူများအနေဖြင့်လည်း အမြန်ဆုံးပြန်လည် အပ်နှံပေးရန်နှင့် ခိုးယူခြင်းခံရမှုဖြစ်စဉ်အား ပုဇွန်တောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်၍ အရေးယူနိုင်ရေး ဆောင်ရွက်ထား ရှိကြောင်း သိရသည်။