
သန့်ဇင်(NP News)-နိုဝင်ဘာ ၃
အသင်းရှုံးပါက ဒဏ်ကြေးဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ စာရင်းများရှိကြောင်းနှင့် ကိုယ်ကျိုးအတွက် အသုံးချခြင်းမရှိကြောင်း မြဝတီဘောလုံးအသင်းဥက္ကဋ္ဌဦးသက်ထွန်းဦးက ပြောကြားခဲ့သည်။
ယနေ့(နိုဝင်ဘာ ၃ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့၊ ခရေပင်လမ်းဆုံအနီးရှိ မြဝတီဘောလုံးအသင်း၏ အသင်းခန်းမတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးသက်ထွန်းဦးက အထက်ပါကဲ့သို့ ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြဝတီအမျိုးသမီးဘောလုံးအသင်းကစားသမားများဖြစ်သည့် သင်္ကြန်ဋ္ဌေးထံမှ လစာငွေတစ်ဝက် ဖြတ်တောက်ခြင်းသည် မည်သို့ ဖြတ်တောက်ခြင်းဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
“ငါတို့ သတ်မှတ်ထားတာကို မင်းတို့ကိုလည်း သေချာပြောပြထားပါတယ်။ တစ်ဝက်ဖြတ်တယ်ဆိုတာကတော့ ဘယ်သူ တစ်ဝက်ဖြတ် တာလဲ။ မင်းကို (၄၅၀၀၀၀)ပေးထားတာ။ တစ်ဝက်ဆိုရင် (၂၂၅၀၀၀)ကျပ်။ အဲဒီလိုဖြတ်တာလား ဘယ်လိုဖြတ်တာလဲ”ဟု ဦးသက်ထွန်းဦးက ဆိုသည်။
ထို့နောက် မြဝတီဘောလုံးအသင်းကစားသမားသင်္ကြန်ဋ္ဌေးက လစာတစ်ဝက်ဖြတ်တောက်ခြင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၂၇ ရက်၊ ညနေပိုင်းက ကစားပွဲအပြီး အင်တာဗျုးတွင် မောပန်းနေစဉ် မှားယွင်းပြောဆိုမိခဲ့ခြင်းဖြစ်ကြောင်း၊ လစာမှ ကျပ် (၅၀၀၀၀) ဖြတ်တောက်ခံရခြင်းသည် အမှန်ကယ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ လစာကို (၅၀၀၀၀) အဖြတ်မခံချင်ဘူး။ ပေးတဲ့ (၃၀၀၀၀၀)ကိုလည်းမယူချင်ဘူးပြောတယ်။ တင်ပြတာမှာလည်းမရဘူးလို့ ပြောတဲ့အချိန်မှာ လစာထုတ်တဲ့အချိန်မှာ (၅၀၀၀၀)ဖြတ်သွားတယ်။ အဲဒီ ပိုက်ဆံ (၁၅) သိန်းကို ပြန်လိုချင်လို့ပြောတာမဟုတ်ဘူး။ ပျော်ရွှင်မှုလိုချင်လို့ ဘယ်လိုလုပ်ရမလဲ တင်ပြထားတယ်လို့ ပြောထားတာရှိတယ်။ ပွဲနိုင်ရင် ကျွန်တော်တို့ကို ဘာပြန်လုပ်ပေးလဲ။ ကျွန်တော်တို့ကို ပျော်ရွှင်မှုဘာပေးလဲ။ ပြီးတော့ ရံပုံငွေထဲထည့်ထားပေးတယ်ပြောပြီးတော့ အဲဒီပိုက်ဆံဘယ်မှာလည်းဆိုတာ မမေး ချင်ဘူး။ ဒါပေမဲ့ ကစားသမားတွေ သိသင့်တယ်လို့ထင်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ကစားသမားထံမှ ဒဏ်ကြေးအဖြစ်ဖြတ်တောက်ထားသည့် ကျပ် (၁၅) သိန်းသည် ရံပုံငွေအဖြစ်ထားရှိထားသော်လည်း ပွင့်လင်းမြင်သာမှုမရှိရန် လိုလားကြောင်းလည်း ၎င်းက ဆိုသည်။
“ (၁၅) သိန်းကို ရံပုံငွေဆိုပေမဲ့ ပြန်ရချင်တယ်ဆိုပေမဲ့ နိုင်တဲ့ရလဒ်အတွက်ပြန်ပေးသင့်တယ်ထင်တယ်။ ရတနာပုံကိုနိုင်တော့ ခေါက်ဆွဲကြော်နဲ့ Sunkist တစ်ဗူးပဲတိုက်တယ်”ဟု သင်္ကြန်ဋ္ဌေးက ပြောသည်။
ထို့နောက် မြဝတီအသင်းဥက္ကဋ္ဌဦးသက်ထွန်းဦးမှ ပြန်လည်ဖြေရှင်းရာတွင် ကစားသမားများထံမှ ဒဏ်ကြေးဖြတ်တောက်ခြင်းသည် မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးအတွက် ဖြတ်တောက်နေခြင်းမဟုတ်ကြောင်းနှင့် စာရင်းများ ရှိကြောင်းလည်း ၎င်းက ဆိုသည်။
“ပြောချင်တာက ပြဿနာတစ်ခုဆိုတာက ဖြစ်လို့ရတယ်။ ပြဿနာကအမြဲလည်းဖြစ်နေတာပဲ။ ဖြစ်ပုံဖြစ်နည်းနဲ့ ဖြေရှင်းပုံဖြေရှင်းနည်းက မတူပါဘူး။ ဒီနေရာမှာ လစာတွေဖြတ်တယ်လို့ ပြတ်တယ်လို့ ဒဏ်ကြေးဖြတ်တယ်လို့ဆိုတာက ဘယ်သူမှ ဘယ်သူ့ကိုယ်ကျိုးအတွက် ဖြတ်နေတာမရှိဘူး။ ဒီမြဝတီအသင်းမှာ ပိုက်ဆံတစ်ရာကအစ အလကားဖြစ်သွားလို့မရဘူး။ စာရင်းစစ်တယ်။ စာရင်းစစ်တွေလည်း အဆင့်ဆင့်ရှိတယ်။ ဒီပိုက်ဆံဘယ်ရောက်သွားတယ်မရောက်သွားဘူးဆိုတာကတော့ သူ့စာရင်းနဲ့သူရှိနေတာလေ။ ဘဏ်တွေမှာရှိတယ်။ ဒါတွေကတော့ စာရင်းစစ်တွေက ပိုသိတာပေါ့”ဟု ဦးသက်ထွန်းဦးက ပြောကြားခဲ့သည်။
ထို့ပြင် ကစားသမားများအား ဆုကြေး၊ ဒဏ်ကြေးစနစ်ကျင့်သုံးခြင်းသည် အနိုရရှိလိုသော စိတ်ဓာတ်ရရှိစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်းနှင့် အတွင်းပြဿနာအား မိသားစုပြဿနာကဲ့သို့ ဖြေရှင်းစေလိုကြောင်း ဦးသက်ထွန်းဦးက ပြောကြားခဲ့သည်။