NP News

ထိုင်းနိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦးဖမ်းဆီးခံရ

စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၃၀
ထိုင်းနိုင်ငံအတွင်းသို့ မက်သာဖက်တမင်းဆေးပြား (၂ ဒသမ ၇) သန်းကျော် မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့သည့် မြန်မာအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မယ်ဆိုင်အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် ကြားဖြတ်ဟန့်တားမှုများ ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၆ခုနှစ် အောက်တိုဘာ (၂၉) ရက် နေ့လည်ပိုင်းအချိန် ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်၊ ဘန်ဆန်ဖတ်ဟီမြို့ရှိ မယ်ဆိုင်အကောက်ခွန် (စစ်ဆေးရေးဂိတ် ၂) တွင် ပူးတွဲတပ်ဖွဲ့များက မြန်မာနိုင်ငံမှလာသည့် အဖြူရောင်ယာဉ်တစ်စီးကို စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ကားပေါ်တွင် ပါလာသည့် ထိုင်ခုံကူရှင်နှင့် မွေ့ရာများကို X-ray စက်ဖြင့် စကန်ဖတ်ကြည့်ရာမှ အထဲတွင် ဖွက်လာသည့် သံသယဖြစ်ဖွယ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးမှုများအရ အာဏာပိုင်များသည် မတ်သာဖက်တမင်း ဆေးပြားများ ထည့်ထားသည့် တစ်ထုပ်လျှင် ဆေးပြား (၁) သောင်းစီ ပါဝင်သည့် အထုပ်(၂၇၄) ထုပ် စုစုပေါင်းအနေဖြင့် ဆေးပြား (၂၇၄၀၀၀၀) ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးမှုဖြစ်စဉ်မတိုင်ခင် အဆိုပါယာဉ်သည် မြန်မာနိုင်ငံ တာချီလိတ်မြို့မှ မယ်ဆိုင်နယ်စပ်စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာခဲ့ပြီး ကားပေါ်တွင် တင်လာသည့် မွေ့ယာများနှင့် ထိုင်ခုံကူရှင်များသည် ပုံမှန်ထက်ပိုလေးနေသည်ကို သက်ဆိုင်ရာမှ သတိထားမိခဲ့ပြီးနောက် စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည့်အတွက် ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး မယ်ဆိုင်အကောက်ခွန်အရာရှိများက သံသယရှိသူများကို အရေးပေါ်စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News