NP News

ပုဂံ ရိုးရာအနုပညာနှင့် ခရီးသွားလုပ်ငန်း တိမ်ကော ပျောက်ကွယ်တော့မည်လား (ဘာသာပြန် သတင်းဆောင်းပါး)

HtayOung (NP News) - အောက်တိုဘာ ၃၀
ပုဂံမြို့ဟောင်း မြန်မာရိုးရာအနုပညာရှင်များအနေနဲ့ ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာရန် မျှော်လင့်နေ ကြ တယ်။ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ဝင်ငွေနဲ့ ရှေးရိုးရာအနုပညာများ ရှင်သန်တိုးတက်ရေးမှာ နိုင်ငံ ခြားသား ခရီးသွားများ ပြန်လာရန် အရေးကြီးနေတယ်လို့ Channel News Asia (28 October 2026) က ရေးတယ်။
သုဝဏ္ဏအောင်ဟာ သူ့ဖခင်ထံမှ ရုပ်သေးပညာကို သင်ယူခဲ့တယ်။ သူဟာ ပုဂံမှာ ခရီးသွားများအတွက် နှစ် ပေါင်း များစွာ ရုပ်သေးပြသခဲ့တယ်။
ဒါပေမဲ့ ယခုအခါ ဖျော်ဖြေပွဲများ အလွန်နည်းပါးလာတယ်။
နိုင်ငံခြားသား ခရီး သွားများ မရှိသလောက်ဖြစ်ပြီး အများအားဖြင့် မြန်မာဘုရားဖူးများသာ လာကြတယ်။ ရုပ်သေးပညာနဲ့ မိသားစုကို ထောက်ပံ့ရန် ဝင်ငွေမလုံလောက်တဲ့အတွက် သူဟာ ကားဝယ်ရောင်း ပွဲစားလုပ်နေရတယ်။
သူ့ဇနီးကလည်း စားစရာဆိုင်လေးဖွင့်ထားတယ်။ အခြေအနေဟာ ပုဂံနေ လူများစွာတို့ရဲ့ ဘဝအခက်အခဲကို ပြသနေတယ်။
ပုဂံမှာ ရှေးဟောင်းဘုရားစေတီပေါင်း ၃,၅၀၀ ကျော်ရှိတယ်။
၂၀၁၉ ခုနှစ် ကုလသမဂ္ဂ ယူနက်စ်ကို ကမ္ဘာ့ အမွေ အနှစ်နေရာအဖြစ် သတ်မှတ်ခံခဲ့ရပြီး အဲ့ဒီအချိန်က ခရီးသွားလုပ်ငန်း တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ကြတယ်။
ဒါပေမဲ့ ၂၀၂၀ ခုနှစ် COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာခရီးသွားလုပ်ငန်း ရပ်တန့်သွားခဲ့တယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာအပြောင်းအလဲနဲ့ နောက်ပိုင်းတိုက်ပွဲများကြောင့်လည်း ခရီးသွားလုပ်ငန်း ပိုမိုထိခိုက် ခဲ့ရတယ်။
ပုဂံကိုလာတဲ့ နိုင်ငံခြားသားခရီးသွားဦးရေဟာ ၂၀၁၉ ခုနှစ်မှာ (၄၀၀,၀၀၀) ကျော်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ (၁၅,၀၀၀) ခန့်သာ ရှိပါတော့တယ်။
အာဏာပိုင်တွေက ခရီးသွားလုပ်ငန်း ပြန်လည်နိုးထစေရန် ကြိုးပမ်းနေတယ်။
ဗီဇာစည်းမျဉ်းများ ဖြေလျော့ပေး ခြင်း၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံများမှ ခရီးသွားများကို ဆွဲဆောင်ခြင်း၊ ဗီယက်နမ် ကမေ႓ာဒီးယားတို့နဲ့ခရီးသွား ဆက်ဆံရေး တိုးမြှင့်ခြင်းများ ပြုလုပ်နေတယ်။
၂၀၂၅ ခုနှစ်မှာ နိုင်ငံတကာခရီးသွား (၉၇၃,၀၀၀) ခန့် လာရောက် ခဲ့ပြီး ၂၀၂၆ ခုနှစ်အတွက် (၁.၈) သန်း လာရောက်မယ်လို့ ရည်မှန်းထားတယ်။
ဒါပေမဲ့ အဲ့ဒီပမာဏဟာ ကူးစက်ကပ်ရောဂါမတိုင်မီ အခြေအနေအထိ မရောက်ရှိသေးပါ။
ပုဂံမြို့ပေါ်မှာ အဓိကအားဖြင့် ငြိမ်သက်နေပေမယ့် အနီးအနားဒေသများမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်။
ဧရာဝတီမြစ်ကူးတံတားတစ်ဖက်ရှိ မြို့နယ်တစ်ခုမှာ ၂၀၂၆ ခုနှစ် မေလတုန်းကပဋိပက္ခများကြောင့် လူ (၄၀) ထက်မနည်း သေဆုံးခဲ့ကြောင်း ဇူလိုင်လတုန်းကလည်း ပုဂံမှ မိုင် (၃၀) ခန့်အကွာ ရွာတစ်ရွာမှာ ပြည်တွင်းခရီးသွားများဖမ်းဆီးခဲ့ကြောင်း သိရှိရတယ်လို့ CNA က ရေးတယ်။
ဒါ့ကြောင့် ပုဂံတစ်ဝိုက် အလုပ်လုပ်ရသူတွေဟာ အသက်ဘေးကင်းရှင်းရေးကို အထူးဂရုတစိုက်နေရတယ်။
သုဝဏ္ဏအောင်ဟာ ဖျော်ဖြေပွဲကိုသွားတဲ့အခါ ရုပ်သေးရုပ်များနဲ့အတူ သူ့ရဲ့သဘင်အဖွဲ့ဝင်ကတ်ကိုပါ ယူဆောင်သွားရတယ်။
ပုဂံမှာ လူနေကြဲပါးပြီး ခရီးသွားလုပ်ငန်းအပြင် အခြားအလုပ်အကိုင်အခွင့်အလန်း နည်းပါးလှတယ်။ ဟိုတယ်၊ မြင်းလှည်းသမား၊ အနုပညာရှင်စသဖြင့် အားလုံးဟာ ခရီးသွားဝင်ငွေအပေါ် ရပ်တည်နေကြသူများဖြစ်တယ်။
နိုင်ငံခြားသားများ မလာတဲ့အတွက် ဝင်ငွေ အလွန်နည်းလာတယ်။
ပုဂံရဲ့ ထင်ရှားတဲ့ ရိုးရာအနုပညာတစ်ခုမှာ ယွန်းထည်လုပ်ငန်းဖြစ်တယ်။
ဝါး သို့မဟုတ် သစ်သားပေါ်မှာ သစ်စေးသရိုးကိုင်ပြီး ပန်းပြောက်အလှများ ရေးထွင်းခြင်းဖြစ်တယ်။
ယွန်းပညာကို ကျွမ်းကျင်ရန် နှစ်ပေါင်းများစွာ သင်ယူရတယ်။
ကုန်ကြမ်းစရိတ် ကြီးမြင့်လာခြင်းနဲ့ အရောင်းစျေးကွက်ဆုံးရှုံးခြင်းကြောင့် ပညာရှင်များ ဝင်ငွေရှာရန် ခက်ခဲလာတယ်။
ဥရောပခရီးသွားတွေဟာ ယခင်က ဝယ်ယူသူကောင်းများဖြစ်ခဲ့ပေမယ့် စစ်ရေး ရှုပ်ထွေးမှုကြောင့် မြန်မာကို မသွားရောက်ကြရန် သူတို့နိုင်ငံအစိုးရများက အကြံပြုထားတယ်။
ပညာရှင်အချို့ဟာ ဝင်ငွေပိုရတဲ့ ခရီးလမ်းညွှန် သို့မဟုတ် အခြားလက်မှုအလုပ်များကို ပြောင်းလဲလုပ်ကိုင် နေရကြောင်း သဲပန်းချီဆရာ ကိုမျိုးဇော်က ပြောပြတယ်။
ဒီလိုနဲ့ ရိုးရာအနုပညာများ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ပေမယ့်လည်း သုဝဏ္ဏအောင်ကတော့ မြန်မာ့ရုပ်သေးပညာကို ဆက်လက်ထိန်းသိမ်းရန် တစ်ကိုယ်တော် ကြိုးပမ်းနေတယ်။
ပုဂံညောင်ဦး နန္ဒာစားသောက်ဆိုင်မှာ ပြသယုံသာမက TikTok လို ဆိုရှယ်မီဒီယာမှာလည်း ဗီဒီယိုများလွှင့်တင်တယ်။
ကလေးများအနေနဲ့ ရုပ်သေးပညာအကြောင်း သိစေရန် ရည်ရွယ်တယ်။
ပုဂံခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာမယ်ဆိုရင် ဒေသခံများရဲ့ ဝင်ငွေနဲ့ ရိုးရာအနုပညာများ ရှင်သန်ရေးအတွက် အထောက်အကူဖြစ်နိုင်တယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် နိုင်ငံခြားသားများရဲ့ ယုံကြည်မှုနဲ့ ခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာမှုဟာ ဘယ်လောက်ကြာကြာမှ ပြည့်စုံနိုင်မယ်ဆိုတာ မှန်းဆနိုင်ခြင်း မရှိသေးပါ။

မူရင်းသတင်း — NP News