
စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၃၀
လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်ဖြန့်ဖြူးမှုတွင် အကောင်းဆုံးနည်းပညာများရှိပြီးဖြစ်သဖြင့် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် နှစ်နိုင်ငံ ရေးထိုးထားသည့် Roadmap ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် ပြီးခဲ့သည့် (အောက်တိုဘာ ၂၈ ရက်) က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးစဉ် ဘယ်လာရုစ် စွမ်းအင်ဝန်ကြီးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် ဘယ်လာရုစ်နိုင်ငံတွင် နျူကလီးယားနှင့် သဘာဝဓာတ်ငွေ့တို့မှ လျှပ်စစ်ဓာတ်အား အဓိကထုတ်လုပ်လျက်ရှိပြီး နျူကလီးယားဓာတ်အားပေးစက်ရုံ လုပ်ငန်းပိုင်းတွင် အတွေ့အကြုံများစွာရှိကြောင်း၊ သဘာဝဓာတ်ငွေ့ကို ရုရှားနိုင်ငံမှ ဝယ်ယူသုံးစွဲနေရသဖြင့် ရှာဖွေထုတ်လုပ်ရေးပိုင်းတွင် အတွေ့အကြုံမရှိသော်လည်း သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် အဆင့်မြင့်နည်းပညာများရှိပြီး လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကလည်း နျူကလီးယားဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရေးအတွက် ကျွမ်းကျင်လုပ်သားများနှင့် အင်ဂျင်နီယာများကို လေ့ကျင့်ပျိုးထောင်ရန် အရေးကြီးကြောင်း၊ ဘယ်လာရုစ်နိုင်ငံရှိ ဓာတ်အားပေးစက်ရုံများသို့ မြန်မာနိုင်ငံမှ ဝန်ထမ်းများကို On-the-Job Training စေလွှတ်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မကြာမီ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်ကို စတင်အသုံးပြုတော့မည်ဖြစ်သဖြင့် ဓာတ်အားပို့လွှတ်ရေး၊ စောင့်ကြည့်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဘယ်လာရုစ်နိုင်ငံမှ ကျွမ်းကျင်အင်ဂျင်နီယာများ စေလွှတ်ကာ လုပ်ငန်းခွင်လက်တွေ့သင်တန်းများ ပို့ချစေလိုကြောင်း၊ မဟာဓာတ်အားလိုင်းများ၊ Switchyard များနှင့် Transformer များတွင် နည်းပညာပိုင်းဆိုင်ရာ ဓာတ်အားလေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့ကြောင်း သည်။
ထို့ပြင် သက်တမ်းကြာမြင့်နေပြီဖြစ်သည့် High Tension ကေဘယ်ကြိုးများကို ဘယ်လာရုစ်နိုင်ငံထုတ် လျှပ်ကူးနိုင်စွမ်းနှင့် ကြံ့ခိုင်မှုကောင်းမွန်သည့် Composite ကေဘယ်များဖြင့် အစားထိုးလဲလှယ်အသုံးပြုရန် စိတ်ဝင်စားကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့သည်။