
သန့်မင်းအိမ် (NP News) - အောက်တိုဘာ ၃ဝ
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှုများကို စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးစခန်းများတွင် 5G ဆက်သွယ်ရေးနည်းပညာအကောင်အထည်ဖော်နေမှု၊ ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ထားရှိမှု၊ ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်အသုံးပြုနေမှုနှင့် နည်းပညာဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကြည့်ရှုစစ်ဆေးစဉ် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိသူများက 5G ဆက်သွယ်ရေးကွန်ရက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဆက်သွယ်ရေးစခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ကွန်ရက်လွှမ်းခြုံမှုတိုးချဲ့ဆောင်ရွက်မည့်အစီအစဉ်များနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်းထုတ်ပြန်ချက်အရ သိရသည်။
တင်ပြချက်များအပေါ် 5G ဆက်သွယ်ရေးနည်းပညာသည် မြန်နှုန်းမြင့်ဒေတာဆက်သွယ်မှု၊ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်မှုနှင့် ဒီဂျစ်တယ်နည်းပညာအခြေပြုဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် နည်းပညာတစ်ရပ်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ကြောင့် 5G ဆက်သွယ်ရေးကွန်ရက်များ အကောင်အထည်ဖော်ရာတွင် သတ်မှတ်ထားသည့် နည်းပညာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကွန်ရက်တည်ငြိမ်ကောင်းမွန်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးပြည့်မီစေရန်အပြင် ဆက်သွယ်ရေးစက်ပစ္စည်းများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ထိန်းသိမ်းပြုပြင်မှုများကိုလည်း စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
5G ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဒီဂျစ်တယ်စီးပွားရေး၊ စမတ်မြို့ပြဖွံ့ဖြိုးရေး၊ အင်တာနက်အခြေပြုဝန်ဆောင်မှုများနှင့် နည်းပညာအသုံးချလုပ်ငန်းများ တိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကွန်ရက်များ အရည်အသွေးပြည့်မီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။