NP News

လုံခြုံရေးအခြေအနေများကြောင့် မှတ်ပုံတင်ထားသည့်ရုံးသို့ မလာရောက်နိုင်သော ယာဉ်များကို အထူးကိစ္စတစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်

စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၂၉

လုံခြုံရေးအခြေအနေများကြောင့် မှတ်ပုံတင်ထားသည့်ရုံးသို့ မလာရောက်နိုင်သော ယာဉ်များကို အထူးကိစ္စတစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားခဲ့သည်။

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ယမန်နေ့ (အောက်တိုဘာ ၂၈ရက်) က တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမဲဆန္ဒနယ်မှ ဒေါ်မော်မော်ခိုင်သည် ကယားပြည်နယ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဦးမောင်ရွှေ၏မေးခွန်းကို ကိုယ်စားမေးမြန်းခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးရှိ လိုင်စင်ရှိပြီး (၅) နှစ်ကျော် သက်တမ်းလွန်နေသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည်ဆိုပါက နိုင်ငံတော်အတွက် အခွန်ငွေလည်း တိုးပွားလာမှာ ဖြစ်သလို ပြည်သူများရဲ့ နစ်နာဆုံးရှုံးမှုကို အကာအကွယ်ပေးရာရောက်တဲ့အပြင် မိမိတို့နိုင်ငံအတွင်းမှာရှိတဲ့ ရှိပြီးသားအရင်းအမြစ်တွေ အလေ့အလွင့်ဆုံးရှုံးမှု နည်းအောင် ထည့်သွင်းစဉ်းစားသင့်တဲ့အတွက် မြန်မာနိုင်ငံတဝန်းလုံးရှိ မှတ်ပုံတင်ထားတဲ့ (၅) နှစ်ကျော်သက်တမ်းလွန် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည့်အစီအစဉ်ရှိ၊ မရှိ နှင့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်များ ပျက်စီး၊ ပျောက်ဆုံးခြင်းများအတွက် ဆောင်ရွက်ရမှာ ပြည်သူများရဲ့ မသိနားမလည်မှုကို အခြေခံပြီး ကြားခံဝန်ဆောင်မှုပေးနေကြတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းများက ပေးသွင်းရန် နှုန်းထားထက် အဆမတန် ကောက်ခံသည့် ဖြစ်စဉ်များမပေါ်ပေါက်စေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေလိုသောမေးခွန်းအား ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိ ” ဟု ကယားပြည်နယ်၊ ဒီးမော့ဆိုမဲဆန္ဒနယ်မှ ဒေါ်မော်မော်ခိုင်က မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နယ်မြေဒေသလုံခြုံရေးအခြေအနေ၊ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် မှတ်ပုံတင်ထားသည့်ရုံးများသို့ လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသော မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကိုသာ နယ်မြေဒေသအခြေအနေအပေါ်မူတည်၍ အထူးကိစ္စတစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မှတ်ပုံတင်ထားသည့် (၅) နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၁ (က) ပုဒ်မခွဲ ၃ အရ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေး၍ မရပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင်သက်သေခံလက်မှတ် ပျက်စီး၊ ပျောက်ဆုံးခြင်းများအတွက် သတ်မှတ်ထားသည့် အထောက်အထားများအား စိစစ်၍ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။

မူရင်းသတင်း — NP News