
ALynn (NP News)- အောက်တိုဘာ ၂၉
အကူအညီများ အမှန်တကယ် လိုအပ်နေသော ဒေသများသို့ ထောက်ပံ့ရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအထူးသံတမန် မာရီယာ ထရီဆာ လာဇာရို ဦးဆောင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုးတက်မှုများ ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောကြားခဲ့သည်။
ထိုခရီးစဉ်မှတစ်ဆင့် မနီလာမြို့၌ ကျင်းပမည်ဖြစ်သော အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အစီရင်ခံတင်ပြနိုင်ရန်အတွက် အာဆီယံအထူးသံတမန် ဝန်ကြီး လာဇာရိုအနေဖြင့် တိုးတက်မှုများ ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“သူမဟာ အာဆီယံအထူးသံတမန်အဖြစ် သွားရောက်တာဖြစ်ပြီး အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ မနီလာမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံချိန်မှာ အစီရင်ခံတင်ပြနိုင်ဖို့ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို Channel News Asia သတင်းတွင် ဖော်ပြထားသည်။
ယခုခရီးစဉ်ကို ဂျာကာတာအခြေစိုက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Centre) နှင့် ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အာဆီယံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီရီယယ်၏ ပြောကြားချက်အရ ဝန်ကြီး လာဇာရိုသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များကို တိုးမြှင့်ရန်အတွက် အောက်တိုဘာ (၂၈) ရက်မှ (၂၉) ရက်အထိ ရှမ်းပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး နေပြည်တော်၌လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး လာဇာရို တွေ့ဆုံနိုင်ခြေ ရှိ၊ မရှိ မေးမြန်းမှုနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ အင်ပီရီယယ်က "ဒီလိုတွေ့ဆုံဖို့ သတင်းအချက်အလက် အသေးစိတ် မရှိသေးပါဘူး။ လောလောဆယ်မှာတော့ ရှမ်းပြည်နယ် လူသားချင်းစာနာမှု ခရီးစဉ်နဲ့ နေပြည်တော်မှာ ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးမှုတွေပဲ ရှိပါတယ်" ဟု ဖြေကြားခဲ့သည်။