
စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၂၉
CMP လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက လိုအပ်သည်များ ဖြည့်ဆည်းပေးရန်လိုကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယမန်နေ့ (အောက်တိုဘာ ၂၈ရက်)တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများ၊ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့်လုပ်ငန်းများအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်း (CMP) ဆောင်ရွက်ကြသည်များလည်းရှိပြီး ယင်းလုပ်ငန်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများရှိမှသာလျှင် ဆောင်ရွက်၍ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
CMP လုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်နေကြသူများ အများအပြားရှိကြသဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် လိုအပ်သည်များ စိစစ်ဖြည့်ဆည်းအားပေး ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ယခင်ကကြုံတွေ့ခဲ့ရသော စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲနှင့် သင်ခန်းစာများကို ဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ်အဖြေရှာ ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
နိုင်ငံ၏အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများတိုးမြှင့် ရရှိရေး၊ ပြည်ပပို့ကုန် များတိုးမြှင့်ရရှိရေးနှင့် မိမိတို့နိုင်ငံ၏ထုတ်ကုန်များဈေးကွက်ရရှိရေးတို့အတွက် အစိုးရ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့်စားသုံးဆီများ နှစ်စဉ်အများအပြား တင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကိုလည်း အဖြေရှာ၍ ဖြေရှင်းပေးကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။