NP News

ပုသိမ်မြို့၏ ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို လာမည့် ဇန်နဝါရီလတွင် စတင်လည်ပတ်ဖွယ်ရှိ

သားပု (NP News) - အောက်တိုဘာ ၂၉

ပုသိမ်မြို့၏ ပုဂ္ဂလိကအမှိုက်သိမ်းစနစ်အား King of salt ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်သဘောတူညီချက်ရရှိထားပြီး လာမည့် (၂၀၂၇)ခုနှစ် ဇန်နဝါရီလ တွင် လုပ်ငန်းစတင်လည်ပတ်နိုင်ဖွယ်ရှိကြောင်း အဆိုပါကုမ္ပဏီတာဝန်ရှိသူက NP News သို့ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လုပ်ငန်းခွဲဝေမှု ညှိုနှိုင်းနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် အပြီးသတ်သဘောတူစာချုပ် လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း သိရသည်။

"အခုက မြို့နယ်စည်ပင်နဲ့တာဝန်ခွဲဝေမှုအပိုင်းတွေ ညှိနေတာ ပြီးသွားပြီပေါ့။ ပြီးရင်ကော်မတီအစည်းအဝေးမှာ တင်ပြပြီး တိုင်းအစိုးရနဲ့ MOA စာချုပ်ချုပ်တော့မှာပါ။ နိုဝင်ဘာလထဲမှာတော့ စာချုပ်ချုပ်တဲ့လုပ်ငန်းစဥ်ပြီးမှာပါ။လုပ်ငန်းလည်ပတ်ဖို့ကတော့ ဝန်ထမ်းတွေ Training ပေးတာ လိုအပ်တဲ့ကားတွေဘာတွေဝယ်တာနဲ့ဆို May be တစ်လပိုင်းလောက်တော့ ဖြစ်လိမ့်မယ်ထင်တယ်"ဟု King of salt ကုမ္ပဏီတာဝန်ရှိသူ ဦးကျော်မင်းနိုင်က NP News သို့ပြောသည်။

ပုသိမ်မြို့တွင် မြို့ပေါ်ရပ်ကွက် (၁၅) ခုရှိပြီး စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဥ် (၆) စီးဖြင့် လည်ပတ်နေသော်လည်း အမှိုက်သိမ်းယာဥ်မလောက်ငှသည့်အတွက် မြို့နေပြည်သူများထံ ပန်ကြားချက်များထုတ်ပြန်ထားကြောင်း သိရသည်။

"ရုံးအဖွဲ့နဲ့ ညှိနှိုင်းမှုတွေတော့လုပ်နေပြီ။ပြီးရင်ဥပဒေချုပ်တို့ဘာတို့နဲ့သေချာတိုင်ပင်ပြီး တိုင်းအစိုးရနဲ့စာချုပ်သေချာချုပ်မှာပေါ့။ တော်ကြာစာချုပ်ချုပ်ပြီးမှ မကိုက်လို့မလုပ်နိုင်တော့ပါဘူးလို့ မဖြစ်အောင် လုပ်ရမှာပါ"ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်ဦးက ပြောသည်။

ပုသိမ်မြို့အား Green City ဖော်ဆောင်နိုင်ရေး လာမည့်ဒီဇင်ဘာလအတွင်း ပုသိမ်ထီးနှင့်မြန်မာ့ရိုးရာ လက်မှုပညာပြခန်း၊ စျေးရောင်းပွဲတော်ကို ကန်သုံးဆင့်ကန်ပတ်လမ်းရှိပန်းခြံအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်းလည်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၏ ပြောကြားချက်အရ သိရသည်။

မူရင်းသတင်း — NP News