NP News

အီရန်၏ လက်ကျန်နျူကလီးယား စခန်းကို (၁၀) မိနစ်အတွင်း ဖျက်ဆီးနိုင်စွမ်းရှိဟု အမေရိကန်သမ္မတပြော

ဂျန်ဇက်(NP News)-နိုဝင်ဘာ ၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် စနေနေ့က အီရန်နိုင်ငံအပေါ် ဆောင်ရွက်နေသည့် စစ်ဆင်ရေးနှင့် ပတ်သက်၍ အရေးကြီးသော ထုတ်ဖော်ပြောကြားမှု တစ်ရပ်ကို ပြုလုပ်လိုက်ပြီး အမေရိကန်တပ်ဖွဲ့ဝင်များသည် ကျန်ရှိနေသေးသော အီရန်၏ နျူကလီးယားစခန်း တစ်ခု သို့မဟုတ် နှစ်ခုကို ဆယ်မိနစ်အတွင်းတိုက်ခိုက်ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုခဲ့သည်။
အမေရိကန်တပ်ဖွဲ့များသည် အီရန်၏ နျူကလီးယား အစီအစဉ်၏ အဓိကဗဟိုချက်နှင့် စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများကို ဖျက်ဆီးပြီးဖြစ်ကြောင်း၊ Pickaxe Mountain ကဲ့သို့သော အဓိက မြေအောက်စခန်းများအပါအဝင် ပစ်မှတ်အနည်းငယ်သာ ဖယ်ရှားရန် ကျန်တော့ကြောင်းသမ္မတ ထရမ့်ကပြောသည်။
အဆိုပါကျန်ရှိသည့် နျူကလီးယားစခန်းများကိုအမေရိကန်စစ်တပ်အနေဖြင့် (၁၀) မိနစ်အတွင်းတိုက်ခိုက်ဖျက်ဆီးနိုင်ကြောင်း ပြောကြားခဲ့သည်။
၄င်းက"သူတို့ရဲ့ နူကလီးယားကို ကျနော်တို့ ဖြိုခွဲပြီးပါပြီ။ တစ်ခု သို့မဟုတ် နှစ်ခုလောက်ကိုတော့ ဆက်လက်လုပ်ဆောင်ဖို့ ရှိပါသေးတယ်၊ ဒါပေမဲ့ အဲဒါကို ဆယ်မိနစ်အတွင်းမှာ ကျနော်တို့ လုပ်နိုင်ပါတယ်" ဟုပြောကြားခဲ့သည်။
အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ ရေတပ်၊ လေတပ်၊ လေကြောင်းရန် ကာကွယ်ရေးကွန်ရက်များနှင့် ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှု အဆောက်အအုံများ ပျက်စီးသွားပြီဖြစ်သဖြင့် တိုက်ခိုက်မှုများကို ချက်ချင်းပြန်စရန် အရေးတကြီး အလျင်အမြန် လုပ်ဆောင်စရာ မလိုကြောင်း ၎င်းက ဆိုခဲ့သည်။
သမ္မတထရမ့်က"သူတို့ရဲ့ ရေတပ်ကို ဖြိုခွဲလိုက်ပြီ၊ လေတပ်ကို ဖြိုခွဲလိုက်ပြီ၊ လေကြောင်းရန် ကာကွယ်ရေးကို ဖြိုခွဲလိုက်ပြီ၊ သူတို့မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာ အားလုံးနီးပါးကို ဖြိုခွဲလိုက်ပြီ၊ ထုတ်လုပ်နိုင်စွမ်း အများစုကိုလည်း ဖြိုခွဲလိုက်ပြီဆိုတဲ့ အနေအထားအရ ကျနော်တို့ အဲဒီလောက်ကြီး အလျင်မြန် လုပ်စရာမလိုပါဘူး" ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News