NP News

ပြင်သစ်ပြီးနောက် ဂျာမနီတွင် လူငယ်များ ဦးဆောင် ဆန္ဒပြ

ဂျန်ဇက်(NP News)-နိုဝင်ဘာ ၁
ကုန်ဈေးနှုန်း မြင့်မားမှု၊ ပညာရေးကဏ္ဍတွင် ဘဏ္ဍာငွေ လုံလောက်စွာ မရရှိမှုနှင့် မဖြစ်မနေ စစ်မှုထမ်းရမည့် စနစ်ကို ပြန်လည်စတင်ဖွယ် ရှိနေမှုတို့ကြောင့် ဂျာမနီနိုင်ငံတစ်ဝန်းရှိ လူငယ်များသည် အောက်တိုဘာ ၃၁ရက်နေ့တွင် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
ဘာလင်၊ ဖရန့်ဖတ်l ကိုလုံး နှင့် မြူးနစ် တို့အပါအဝင် ဂျာမနီမြို့ပေါင်း (၃၄) မြို့တွင် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားပြီး ပါဝင်ဆန္ဒပြသူ (၁၇၀,၀၀၀) ကျော် ရှိမည်ဟု ပွဲစီစဉ်သူများက မျှော်မှန်းထားသည်။
ယခု ဆန္ဒပြပွဲများသည် လွန်ခဲ့သည့်သီတင်းပတ်က မြင့်မားလာသော ကုန်ဈေးနှုန်းနှင့် အစိုးရမူဝါဒများကြောင့် ဥရောပတစ်ဝန်း ဆန္ဒပြသူများနှင့် လှုပ်ရှားမှုနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ထိတွေ့ရိုက်ပုတ်မှုများ ဖြစ်ပွားခဲ့သည့် အခြေအနေများ၏ နောက်ဆက်တွဲ ဖြစ်လာခဲ့ကြောင်းသိရသည်။
ပြင်သစ်နိုင်ငံတွင်မူ စက်တင်ဘာလကတည်းက ကျောင်းသားများက ပညာရေးစရိတ် လျှော့ချရေး၊ ဆရာ/ဆရာမ ပိုမိုခန့်ထားရေးနှင့် ပိုမိုကောင်းမွန်သော ကျောင်းအဆောက်အအုံများ တောင်းဆိုရာမှစတင်ခဲ့သည့် ဆန္ဒပြပွဲများသည် ဥရောပတိုက်တစ်ဝန်း ပိုမိုကျယ်ပြန့်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအဖြစ်သို့ ကူးစက်ပြန့်ပွားလာခဲ့သည်။
ဂျာမနီ လူငယ်များ ဦးဆောင်သည့် ‘Gen Z regelt’အမည်ရှိ လှုပ်ရှားမှုသည် လူထုပါဝင်မှုနှင့် သတိပြုမိမှု အများဆုံး ရရှိနိုင်ရန်အတွက် ၎င်းတို့၏ တစ်နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ကို ဟာလိုဝင်း (Halloween) နေ့တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
"ငါတို့ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ငါတို့မပါဘဲ ဆုံးဖြတ်နေကြတာကို စောင့်ကြည့်မနေချင်တော့တဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်" ဟု အဆိုပါဆန္ဒပြပွဲ လှုပ်ရှားမှုအဖွဲ့၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဆန္ဒပြပွဲများကို ငြိမ်းချမ်းစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့ပြီး ပါဝင်သူများအနေဖြင့် ဟော်လိုဝင်း ဝတ်စုံများ ဝတ်ဆင်ထားလျှင်ပင် ၎င်းတို့၏ မျက်နှာများကို ထင်ရှားစွာ ဖော်ပြထားကြရန် မေတ္တာရပ်ခံထားသည်။
ကိုလုံးမြို့တွင် ဆန္ဒပြပွဲများ စတင်နေပြီဖြစ်ပြီး ဆန္ဒပြသူများသည် လမ်းမများပေါ်တွင် ချီတက်လျက် ရှိကြသည်။
၎င်းတို့အနက် အချို့သည် "ယူကရိန်းကို ဘဏ္ဍာငွေ ထောက်ပံ့နေတာ ရပ်တန့်ပါ" ဟူသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။

မူရင်းသတင်း — NP News