Pika (NP News) - နိုဝင်ဘာ ၂
ကမ္ဘာ့အကြီးဆုံးဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်ရေးကုမ္ပဏီ Binance ပလက်ဖောင်းကနေ အမေရိကန်ဒေါ်လာ(၆)ဘီလျံကျော်ခိုးယူခံရတဲ့ဖြစ်စဉ်မှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်နေတာကို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ဆွေးနွေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယားဟက်ကာတွေကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အက်ဖ်ဘီအိုင်အဖွဲ့က သတ်မှတ်ထားချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အဲဒီခိုးယူမှုဖြစ်ရပ်ကို အစိုးရအဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်လေ့လာစုံစမ်းစစ်ဆေးနေပါတယ်။ မြောက်ကိုရီးယားက လုပ်တာ ဟုတ်/မဟုတ်သေချာမသိသေးပေမယ့် တကယ်လို့သူတို့လုပ်တာဆိုရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ဆွေးနွေးသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံးဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်မှုပလက်ဖောင်း Binance ကကနေ အမေရိကန်ဒေါ်လာ(၆ ဒသမ ၃) ဘီလျံ ခိုးယူခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီတွေနဲ့ Blockchain လုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ ခိုးယူခံရတဲ့ငွေကြေးတွေနဲ့ ဆက်နွယ်နေတဲ့ဒစ်ဂျစ်တယ်လိပ်စာတွေကနေတစ်ဆင့် ပြုလုပ်တဲ့ငွေကြေးလွှဲပြောင်းမှုတွေအားလုံးကို ပိတ်ပင်ထားဖို့ အက်ဖ်ဘီအိုင်အဖွဲ့၊လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့နဲ့ ပြည်တွင်းအခွန်ဝန်ဆောင်မှုဌာနတို့က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အမေရိကန်ဒေါ်လာ(၆ ဒသမ ၃) ဘီလျံခန့်ပါသွားခဲ့တာကြောင့် လက်ရှိအချိန်အထိဖြစ်ပွားခဲ့ဖူးသမျှ ဒစ်ဂျစ်တယ်ငွေကြေးခိုးယူမှုတွေထဲမှာ အကြီးမားဆုံးခိုးယူမှုတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။