
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂
လုံခြုံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကျန်ရှိနေသည့် စိုးရိမ်ပူပန်မှုများကို မဖြေရှင်းနိုင်သေးသမျှ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိစပ်နေသောနယ်စပ်ဂိတ်များကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ကြေညာခဲ့သည်။
အောက်တိုဘာ (၃၁)ရက်က ပြုလုပ်သည့် "ဝန်ကြီးချုပ်အနုတင်နှင့်ဆွေးနွေးခန်း" အစီအစဉ်တွင် အာနုတင်က နယ်စပ်ပြန်ဖွင့်ရန် အချိန်ဇယား သတ်မှတ်ထားခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းမှာ နှစ်နိုင်ငံဆက်ဆံရေး မကြာမီ အနေအထားမှန်သို့ပြန်ရောက်ရန် မသေချာသေးကြောင်းကို ညွှန်ပြနေသည်ဟု သတင်းတွေကဆိုသည်။
နှစ်နိုင်ငံကြားဖြေရှင်းရန် လိုအပ်နေသည့်အခြေနေများကြောင့်ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုများစွာ ရှိနေသေးကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့ထဲတွင် ဖြေရှင်းရန် ကျန်ရှိနေသေးသော နယ်စပ်ပြဿနာများ၊ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုလုပ်ငန်းများ (scam operations)၊ နိုင်ငံသားများ၏ လုံခြုံရေး၊ တရားမဝင် တင်သွင်းမှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များ ပါဝင်သည်။
အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးသည် ပထမဦးစားပေးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဝန်ကြီးခိုပ်အနုတင်က ပြောကြားခဲ့ပြီး၊ နယ်စပ်ပိတ်ထားခဲ့သည့်ကာလအတွင်း စီးပွားရေးဆိုင်ရာအညွှန်းကိန်းများ တိုးတက်လာခဲ့ကြောင်းနှင့် ကန့်သတ်ချက်များကို ဆက်လက်ထိန်းသိမ်းထားရန် ပြည်သူများ၏သဘောထားက ထောက်ခံအားပေးနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုများအတွက် လမ်းဖွင့်ထားဆဲဖြစ်သော်လည်း နယ်စပ်ဖြတ်ကျော်မှုများကို မည်သည့်အခါတွင် ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။