ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂
နိုင်ငံ၏ စစ်ရေးစွမ်းရည်များကို မြှင့်တင်ရန် ဝန်ကြီးချုပ် တာကိုင်ချီ၏ ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ဂျပန်အစိုးရနှင့် အာဏာရညွန့်ပေါင်းအဖွဲ့တို့သည် လာမည့်ငါးနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆနီးပါး တိုးမြှင့်ရန် စဉ်းစားနေကြကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူနှစ်ဦးက ပြောကြားခဲ့သည်။
အကယ်၍ အတည်ပြုခဲ့ပါက ၂၀၂၇ ခုနှစ် ဧပြီလမှစတင်သည့် ငါးနှစ်တာ ကာကွယ်ရေးတိုးမြှင့်သုံးစရိတ်မှာ ယန်း ၇၀ ထရီလီယံမှ ယန်း (၈၀) ထရီလီယံအထိဖြစ်လာမည်ဖြစ်ပြီး၊ ၎င်းမှာ ၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်ခဲ့သော လက်ရှိငါးနှစ်စီမံကိန်းအရ ခွဲဝေထားသည့် ယန်း (၄၃) ထရီလီယံခန့်၏ (၁ ဒသမ ၈) ဆခန့် ရှိမည်ဖြစ်သည်။
အစိုးရအနေဖြင့် နှစ်ကုန်ပိုင်းတွင် ဘတ်ဂျက်ကိုရေးဆွဲပြီး လုံခြုံရေးဆိုင်ရာ စာတမ်းသုံးရပ်ကို ပြန်လည်သုံးသပ်နေစဉ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကိန်းဂဏန်းမှာ ဆက်လက်ပြောင်းလဲနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကမူ လက်ရှိအချိန်တွင် တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိသေးကြောင်း ပြောကြားခဲ့သည်။
ကာကွယ်ရေး ရန်ပုံငွေအသစ်သည် ဒရုန်းအများအပြားကဲ့သို့သော ဝယ်ယူမှုများအတွက် ရန်ပုံငွေထောက်ပံ့ပေးရန် မျှော်လင့်ရကြောင်း သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။
ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းလာခြင်းက ကာကွယ်ရေးပစ္စည်းကိရိယာများ ဝယ်ယူစရိတ်ကိုမြင့်တက်စေခဲ့ကြောင်းလည်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။ ၂၀၂၂ ခုနှစ် အနှောင်းပိုင်းတွင် ရေးဆွဲခဲ့သော လက်ရှိစစ်ရေးတိုးမြှင့်မှုအစီအစဉ်အရ ဂျပန်နိုင်ငံသည် တန်ပြန်တိုက်ခိုက်နိုင်စွမ်းအတွက် ရည်ရွယ်သည့် တာဝေးပျံသန်းတိုက်ခိုက်မည့်ဒရုန်းများအပြင် ခဲယမ်းမီးကျောက်များနှင့် စစ်ဘက်သုံးပစ္စည်းများအတွက် အပိုပစ္စည်းများကို အဓိကထား၍ ကာကွယ်ရေးအသုံးစရိတ်ကို ကနဦး ခွဲဝေပေးထားသည့် ယန်း (၂၇ ဒသမ ၅) ထရီလီယံမှ သိသိသာသာ တိုးမြှင့်ခဲ့ကြောင်း သိရသည်။