
Pika (NP News) - နိုဝင်ဘာလ ၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ Rooppur နျူကလီးယားဓာတ်အားပေးစက်ရုံသည် နောက်ဆုံးအဆင့် စည်းမျဉ်းဆိုင်ရာ ခွင့်ပြုချက်ကို ရရှိလိုက်ပြီဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း စဉ်စတင်နိုင်ရန် လမ်းကြောင်းပွင့် သွားပြီဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးသော နျူကလီးယားဓာတ်အားပေးစက်ရုံဖြစ်သည့် Rooppur စက်ရုံသည် အဆင့်(C)သို့တက်လှမ်းရန်အတွက် အဏုမြူစွမ်းအင်ဆိုင်ရာစည်းမျဉ်းထိန်းသိမ်းရေးအာဏာပိုင် အဖွဲ့ (BAERA) ထံမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း The Daily Star သတင်းစာက ရေးသား ဖော်ပြထားသည်။
အဆိုပါအဆင့်အတွင်း ဓာတ်ပေါင်းဖို၏စွမ်းအင်ပမာဏကို တိုးမြှင့်ခြင်းဖြင့် ရေနွေးငွေ့များထုတ်လုပ်ကာ တာဘိုင်များကိုလည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်သွားမည်ဖြစ်ကာ ထုတ်လုပ်နိုင်စွမ်းပမာဏကို အဆင့် အလိုက် ဖြည်းဖြည်းချင်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
BAERA ဥက္ကဋ္ဌ Mahamudul Hasan က ‘‘လက်ရှိအချိန်မှာတော့ ယူနစ်ဝမ်းက လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်းစဉ်စတင်နိုင်ဖို့အတွက် စွမ်းအင်စတင်ထုတ်လွှတ်တဲ့အဆင့်ကို ဝင်ရောက်တော့မှာပဲဖြစ်ပါတယ်။ ပြီးတော့ လုပ်ငန်းစဉ် စတင်မယ့်ရက်ကို အာဏာပိုင်အဖွဲ့က သတ်မှတ်ပေးသွားမှာလည်းဖြစ်ပါတယ်”ဟုပြောဆိုခဲ့သည်။ Rooppur နျူကလီးယားဓာတ်အားပေးစက်ရုံကို လာမည့်လကုန်ပိုင်းတွင် တစ်နိုင်ငံလုံးဆိုင်ရာလျှပ် စစ်ဓာတ်အားလိုင်း သို့ ချိတ်ဆက်နိုင်ရန်အတွက် အစီအစဉ်အတိုင်းဆောင်ရွက်လျက်ရှိကြောင်း Rosatom ကုမ္ပဏီအကြီးအကဲ Alexey Likhachev က ယခု လအစောပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရပ်များထွက်ပေါ်လာခြင်း ဖြစ် သည်။
ဒါကာမြို့မှ(၁၆၀)ကီလိုမီတာအကွာ Padma မြစ်ကမ်းနားတွင်တည်ရှိသည့် Rooppur ဓာတ်အားပေးစက်ရုံကို ရုရှားနိုင်ငံ၏ငွေကြေးနှင့်နည်း ပညာပိုင်းဆိုင်ရာအကူအညီများဖြင့် အမေရိကန်ဒေါ် လာ(၁၂ ဒသမ ၆၅)ဘီလျံ အကုန် အကျခံကာတည် ဆောက်ထားခြင်းဖြစ်သည်။ ယင်းဓာတ်အားပေး စက်ရုံတွင် ရုရှားနိုင်ငံထုတ် VVER-1200 အမျိုးအစား ဓာတ်ပေါင်းဖိုနှစ်ခုပါဝင်ပြီး စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်စွမ်းမှာ (၂၄၀ဝ)မဂ္ဂါဝပ်ရှိမည်ဖြစ်ကာ ယင်းစီမံကိန်းအတွက် ရုရှားအစိုးရက နိုင်ငံတော် ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ(၁၁ ဒသမ ၉) ဘီလျံ ပံ့ပိုးပေးထားကြောင်းသိရသည်။