NP News

တရုတ်အစိုးရက ကွန်မြူနစ်ပါတီအကြီးတန်းအရာရှိ (၃၃) ဦးကို ရာထူးကနေထုတ်ပယ်

Pika (NP News) - အောက်တိုဘာလ ၃၁

တရုတ်သမ္မတရှီကျင့်ဖျင်၏ ဦးဆောင်မှုဖြင့် ကွန်မြူနစ်ပါတီနှင့် စစ်တပ်အတွင်းရှိ ပြင်းထန်သောလျှို့ဝှက် အန္တရာယ်များကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ ကြောင်း တရုတ်အစိုးရအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ကွန်မြူနစ်ပါတီက စံချိန်တင်အကြီးတန်း အရာရှိ(၃၃)ဦးကို ထုတ်ပယ်လိုက်ကြောင်း သတင်းများထွက် ပေါ်လာပြီးနောက် တစ်ရက်အကြာတွင် အဆိုပါ အရာရှိ၏ပြောဆိုချက်များထွက်ပေါ်လာခြင်း ဖြစ်သည်။ သမ္မတအဖြစ် တာဝန်ယူခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း ရှီကျင့်ဖျင်သည် အကျင့်ပျက်ခြစားမှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး အရာရှိထောင်ပေါင်းများစွာ ဖမ်းဆီးအရေးယူခံခဲ့ရကာ အာဏာကြီးမားသောဗဟိုကော်မတီဝင် ဒါဇင်ချီ အပြင် ထိပ်တန်းစစ်ဘက်ဆိုင်ရာအရာရှိကြီးများစွာကိုလည်း ရာထူးမှဖယ်ရှားရှင်းလင်းခဲ့သည်။
အောက်တိုဘာလ(၂၉)ရက်က ပြီးဆုံးခဲ့သည့် ဗဟိုကော်မတီ၏ လေးရက်ကြာ မျက်နှာစုံညီ အစည်းအဝေး အပြီးတွင် တရုတ်နိုင်ငံ၏အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့သလို ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ သည့် ကျန်းယိုရှီးယား အပါအဝင် အကြီးတန်းအရာရှိ (၃၃) ဦးကို ရာထူးမှထုတ် ပယ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက အတည်ပြုဖော်ပြခဲ့သည်။
အဆိုပါ မျက်နှာစုံညီအစည်းအဝေးတွင် ပါတီကိုဘက်စုံနှင့်တင်းကျပ်စွာ အုပ်ချုပ်စီမံမှုမြှင့်တင် ရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကိုချမှတ်ခဲ့ပြီး ပါတီဝင်များအကြား အကျင့်ပျက်ခြစားမှုလျှော့ချရေးလည်း ပါဝင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီဆင်ဟွာကရေးသားဖော်ပြခဲ့သည်။

ထောက်ခံသူများက တရုတ်နိုင်ငံ၏အကျင့်ပျက်ခြစားမှုနှိမ်နင်းရေးလုပ်ရပ်များသည် သန့်ရှင်းသော အုပ်ချုပ်ရေး စနစ်ကို အားပေးမြှင့်တင်ကြောင်းပြောဆိုကြသော်လည်း လေ့လာသုံးသပ်သူများကမူ အဆိုပါ လုပ်ဆောင်ချက်များက (၂၀၂၇) ခုနှစ် ဒုတိယနှစ်ဝက်တွင်ကျင်းပမည့် ပါတီညီလာခံအတွင်း ရှီကျင့်ဖျင်က ၎င်း၏အာဏာသက် တမ်းကို ဆက် လက်တိုးချဲ့နိုင်ရန် လမ်းခင်းနေခြင်း မျိုးဖြစ်ကြောင်း ပြောကြားထားကြသည်။
စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်၏ ဒုအတွင်းရေးမှူး ကျန်းဖူဟိုင်က ‘ရှီကျင့်ဖျင်ကို ဗဟိုပြုလျက်ရှိတဲ့ ဗဟိုကော်မတီဟာ ပါတီ၊ နိုင်ငံတော်နဲ့ စစ်တပ်အတွင်းက ပြင်းထန်တဲ့လျှို့ဝှက်အန္တရာယ်တွေကို ဖယ်ရှားရှင်းလင်း လိုက်ပြီဖြစ်ပါတယ်’ဟု ပြောဆိုခဲ့သည်။

မူရင်းသတင်း — NP News