NP News

သီတင်းပတ်(၁)ပတ်လောက် လုံလောက်စေမယ့် အရေးပေါ်သိုလှောင်မှုတွေလုပ်ဆောင်ကြဖို့ ပြည်သူတွေကို အမေရိကန်၊ ဥရောပနဲ့ ဂျပန်တို့ တိုက်တွန်း

Pika (NP News) - အောက်တိုဘာ ၃၁

အမေရိကန်၊ ဗြိတိန်၊ ဂျပန် နဲ့ အခြားဥရောပနိုင်ငံအချို့ဟာ အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကို နေအိမ်တွေမှာ စုဆောင်းထားကြဖို့ ပြည်သူလူထုတွေကို တိုက်တွန်းတဲ့လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံရဲ့ပြည်သူတွေအတွက် လမ်းညွှန်ချက်မှာ သဘာဝဘေးအန္တရာယ်တွေနဲ့လူလုပ်သဘာဝဘေးအန္တရာယ်တွေ အပါအဝင် ဖြစ်ပေါ်လာနိုင်တဲ့အရေးပေါ်အခြေအနေတွေမှာ ရက်အနည်းငယ်ကြာရပ်တည်နေနိုင်ဖို့အတွက် ပြင်ဆင်ကြဖို့ အကြံပြုထားပြီး အချို့နိုင်ငံတွေမှာ အချိန်(၇၂)နာရီကနေ သီတင်းပတ်(၂)ပတ်လောက်အထိကြာမြင့်မယ့် အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် အမေရိကန်က ၎င်းရဲ့စစ်စခန်းတွေကို ရက်ပေါင်း(၉၀)ကြာတဲ့အထိ ကိုယ်တိုင်ရပ်တည်လည်ပတ်နိုင်မယ့် အစီအစဉ်တွေကို ရေးဆွဲထားတယ်လို့လည်း သိရပါတယ်။

ဗြိတိန်နိုင်ငံကလည်း ပုံမှန်ဝန်ဆောင်မှုတွေပြတ်တောက်သွားတဲ့အခြေအနေမှာ အချိန်(၃)ရက်လောက်ရပ်တည်နိုင်လောက်တဲ့ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကို နေအိမ်မှာစုဆောင်းထားကြဖို့ အကြံပြုထားကြတယ်လို့လည်းသိရပါတယ်။
ဂျပန်အစိုးရကလည်း ၎င်းရဲ့ပြည်သူတွေကို အချိန်အနည်းဆုံး(၃)ရက်လောက်အထိ ရပ်တည်နိုင်မယ့် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းထားကြဖို့နဲ့ သီတင်းပတ်(၁)ပတ်စာအတွက် လုံလောက်တဲ့ပစ္စည်းတွေကို စုဆောင်းထားနိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်လိမ့်မယ်လို့ အကြံပြုထားပါတယ်။

ဂျပန်နိုင်ငံရဲ့အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီအသစ် စတင်လည်ပတ်မယ့် နိုဝင်ဘာလ (၂)ရက်မှာ ဂျပန်အစိုးရက ပြည်သူတွေအတွက် ဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပိုမိုမြင့်မားလာစေဖို့ အရေးပေါ်တိုက်တွန်းချက်တစ်ရပ်ကို ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။
ဂျပန်အစိုးရက ကြိုတင်ကာကွယ်ဖို့ပြင်ဆင်ထားတဲ့ ဘေးအန္တရာယ်တွေမှာ နန်ကိုင်းငလျင်ကြီး၊တိုကျိုမြို့အောက် တိုက်ရိုက်လှုပ်ခတ်နိုင်တဲ့ငလျင်ကြီးတွေနဲ့ ဖူဂျီမီးတောင်ပေါက်ကွဲတာမျိုးတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

အလားတူလမ်းညွှန်ချက်တွေ ထုတ်ပြန်ထားတဲ့ အခြားနိုင်ငံတွေမှာ ဂျာမနီနိုင်ငံ(၁၀)ရက်၊ နော်ဝေးနိုင်ငံ(၇)ရက်၊ဖင်လန်နိုင်ငံ(၇၂)နာရီ၊ ပြင်သစ်နိုင်ငံ(၇၂)နာရီ၊ ဥရောပသမဂ္ဂ အနည်းဆုံး(၇၂)နာရီ၊ ဆွစ်ဇာလန်နိုင်ငံ (သီတင်းပတ်(၁)ပတ်ခန့်)၊ အိုင်ယာလန်နိုင်ငံ(၃)ရက်၊ ဆွီဒင်နိုင်ငံ (သီတင်းပတ်(၁)ပတ်)၊ ချက်ပြည်သူ့သမ္မတနိုင်ငံ (၇၂)နာရီ၊ လစ်သူယေးနီးယား(၇၂)နာရီတို့ဖြစ်တယ်လို့လည်း သိရပါတယ်။
နော်ဝေးနိုင်ငံရဲ့လမ်းညွှန်ချက်ထဲမှာ ပြည်သူတွေအနေနဲ့ ပြင်းထန်တဲ့ရာသီဥတု၊ ကပ်ရောဂါတွေ၊ မတော်တဆမှုတွေ၊ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေနဲ့ အဆိုးရွားဆုံးအခြေအနေအဖြစ် စစ်ပွဲဖြစ်ပွားမှုတို့ကြောင့် ပေါ်ပေါက်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်း — NP News