NP News

တရုတ်ဆက်သွယ်ရေးကုမ္ပဏီများကို အမေရိကန်ဖုန်းနံပါတ်များအား တိုက်ရိုက်အသုံးပြုခွင့်ရရှိခြင်းမှ တားမြစ်ရန် အမေရိကန်စီစဉ်နေ

Pika (NP News) - အောက်တိုဘာ ၃၁

နိုင်ငံတော်လုံခြုံရေးဆိုင်ရာအကြောင်းပြချက်များဖြင့် အမေရိကန်အစိုးရက တရုတ်ဆက်သွယ်ရေးကုမ္ပဏီများကို အမေရိကန်ဖုန်းနံပါတ်များအား တိုက်ရိုက်အသုံးပြုခွင့်ရနေခြင်းမှ မကြာမီအချိန်အတွင်း တားမြစ်ပိတ်ပင်သွားရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါလုပ်ဆောင်မှုသည် လိမ်လည်မှုများနှင့်ဆက်စပ်နေသည့်အလိုအလျောက်ဖုန်းခေါ်ဆိုမှုများကို တားဆီးရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ China Mobile၊ China Telecom၊ China Unicom နှင့် အခြားIPနည်းပညာအခြေပြု ဝန်ဆောင်မှုပေးသူများအနေဖြင့် အမေရိကန်ဖုန်းနံပါတ်များကို တိုက်ရိုက်အသုံးပြုခွင့်မရရှိစေရန်တားမြစ်မည့် အဆိုပြုချက်တစ်ခုကို လာမည့်နိုဝင်ဘာလ(၁၉)ရက်တွင် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်(FCC)က ပြောကြားခဲ့သည်။

အသံကို ဒစ်ဂျစ်တယ်ဒေတာအဖြစ်ပြောင်းလဲကာ broadband ချိတ်ဆက်မှုများမှတစ်ဆင့်ပေးပို့သည့် Voice over Internet Protocol (VoIP) နည်းပညာကိုအသုံးပြုသော ဆက်သွယ်ရေးကုမ္ပဏီများအတွက် ဖုန်းနံပါတ်များကို တိုက်ရိုက်အသုံးပြုခွင့်ရရှိခြင်းက ကုန်ကျစရိတ်များကို ပိုမိုသက်သာစေပြီး အဆင့်မြင့်ဝန်ဆောင်မှုများကို ပေးအပ်ရာတွင် ပိုမိုလွယ်ကူစေကြောင်းလည်း သိရသည်။

FCC ဥက္ကဋ္ဌ ဘာဒန်ကားက "ဒီဆုံးဖြတ်ချက်နဲ့အတူ FCC က မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေ၊ တရားမဝင်အလိုအလျောက်ဖုန်းခေါ်ဆိုသူတွေကို ဆန့်ကျင်တဲ့ပထမဆုံးကာကွယ်ရေးစည်းမျဉ်းကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်သွားမှာပါ” ဟု ပြောခဲ့သည်။
အဆိုပါပြောဆိုချက်များနှင့်ပတ်သက်ပြီး အမေရိကန်ရှိတရုတ်သံရုံးက ချက်ချင်းမှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။
ထို့ပြင် Huawei (သို့မဟုတ်) ZTE အပါအဝင် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု FCC က သတ်မှတ်ထားသည့်ကုမ္ပဏီများ၏ စက်ပစ္စည်းကိရိယာများကို အသုံးပြုနေသော IP နည်းပညာအခြေပြု ဝန်ဆောင်မှုပေးသူများကိုလည်း တားမြစ်ပိတ်ပင်မှုများလုပ်ဆောင်ရန် စီစဉ်နေကြောင်း FCC က ပြောကြားခဲ့သည်။

(၂၀၂၈)ခုနှစ် ဒီဇင်ဘာလတွင် တရုတ်ဓါတ်ခွဲခန်းများအားလုံးကို အမေရိကန်အီလက်ထရောနစ်ပစ္စည်းများကို စမ်းသပ်စစ်ဆေးမှုများမှ တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟုယူဆရသော တရုတ်ကုမ္ပဏီများ၏ ဖုန်းနံပါတ်တိုက်ရိုက်အသုံးပြုခွင့် ခွင့်ပြုချက်များကိုလည်း ရုတ်သိမ်းသွားနိုင်ကြောင်း FCC က ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News