ဂျန်ဇက် (NP News) - အောက်တိုဘာ ၃၁
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို သီယိုဒို ဂျူနီယာက တရုတ်နိုင်ငံ၏ စွပ်စွဲချက်ကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံကာကွယ်ရေးအစည်းအဝေးများ၏ ဥက္ကဋ္ဌရာထူးကို အလွဲသုံးစားလုပ်ကာ တရုတ်နိုင်ငံ၏ ပါဝင်မှုကို ဟန့်တားခဲ့သည်ဟူသော တရုတ်၏စွပ်စွဲချက်သည် ဒေသတွင်းအုပ်စု၏ သဘောထားကို ထင်ဟပ်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
(၁၃) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး အပေါင်း(ADMM-Plus) အပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ''အာဆီယံနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများက ခံစားကြလိမ့်မယ်လို့ မယုံကြည်ပါဘူး။တကယ်လို့ အဲဒီလိုမျိုးဖြစ်လာမယ်ဆိုရင်လည်း အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေက ကျွန်တော်တို့ကို အသိပေးကြလိမ့်မယ်။ လက်ရှိ စွပ်စွဲချက်တွေက တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်သာဖြစ်ပါတယ်။ အာဆီယံရဲ့ရပ်တည်ချက် မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇန်းရှောက်ကန်း (Zhang Xiaogang) က ဖိလစ်ပိုင်သည် အာဆီယံ၏ သဘောတူညီချက်အပေါ် အခြေခံသည့်မူများကို ချိုးဖောက်ခဲ့ပြီး ဆွေးနွေးဖက်နိုင်ငံတစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ အခွင့်အရေးများကို ထိခိုက်စေခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ADMM-Plus အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်မတက်ရောက်ဘဲ နိုင်ငံသံရုံး၏စစ်သံမှူးကိုသာ စေလွှတ်ခဲ့ရာ အငြင်းပွားမှုများရှိနေခဲ့ကြောင်း သိရသည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "ဖိလစ်ပိုင်ဘက်က ကိုယ်ကျိုးရှာသမားတစ်ဦးလိုမျိုးလုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ ပါဝင်မှုကို အတားအဆီးဖြစ်စေဖို့ ၎င်းတို့ရဲ့အလှည့်ကျ ဥက္ကဋ္ဌရာထူးကို အလွဲသုံးစားလုပ်ခဲ့တယ်" ဟု ပြောကြားခဲ့သည်။
ဇန်းရှောက်ကန်းက အာဆီယံနိုင်ငံအချို့ကလည်း ဖိလစ်ပိုင်၏ လုပ်ရပ်များကို မေးခွန်းထုတ်ပြီး ကန့်ကွက်ခဲ့ကြသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ဒေသတွင်းအုပ်စု၏ အစည်းအဝေးများကို မည်ကဲ့သို့ ကျင်းပပြုလုပ်ရမည်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ခိုင်မာစွာ ရပ်တည်ပြောဆိုခဲ့သည်။