NP News

ဖိလစ်ပိုင်တွင် မာယွန်မီးတောင်ပေါက်ကွဲမှုကြောင့် အဆင့်(၃)မီးတောင်သတိပေးချက်ကို အရေးပေါ်ထုတ်ပြန်

Pika (NP News) - အောက်တိုဘာ ၃၁

ဖိလစ်ပိုင်နိုင်ငံ၏ သက်ဝင်လှုပ်ရှားမှုအရှိဆုံးမီးတောင်များထဲမှတစ်ခုဖြစ်သော မာယွန်မီးတောင်သည် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးခိုးပြာများက ကောင်းကင်ပေါ်သို့ မီတာထောင်ပေါင်းများစွာအထိ ရောက်ရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ငလျင် နှင့် မီးတောင်ဆိုင်ရာဌာနက ပြောကြားခဲ့သည်။
အဆိုပါမီးတောင်၏ ပေါက်ကွဲမှုက အချိန်(၆)မိနစ်နီးပါးကြာမြင့်ခဲ့ပြီး မီးတောင်သတိပေးချက်များကို ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။
မာယွန်မီးတောင်ဝန်းကျင်ရှိမြို့ရွာများတွင် ထိခိုက်ဒဏ်ရာရရှိသူများ (သို့) ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး သတင်းများ ထွက်ပေါ်လာခြင်းမျိုးမရှိသေးသော်လည်း မီးတောင်နှင့်ငလျင်ဆိုင်ရာဌာနက သတိပေးချက်အဆင့်ကို အဆင့်(၂)မှ (၃) သို့ တိုးမြှင့်လိုက်ပြီး မီးတောင်မှ(၆)ကီလိုမီတာအတွင်းရှိ ဒေသခံများအားလုံးကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းရန် တိုက်တွန်းထားကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာခဲ့သော အမြင့်မီတာ(၃၀၀၀)ခန့်ရှိသည့် မီးခိုးပြာတိုင်ကြီးသည် အနောက်တောင် ဘက်သို့ ဖြည်းဖြည်းချင်းရွေ့လျားသွားခဲ့ပြီး လူနေထူထပ်သောနေရာများဆီသို့ ဦးတည်သွားခဲ့ကြောင်း မီးတောင် နှင့် ငလျင် ဆိုင်ရာဌာန၏ ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
မီးတောင်နှင့်ငလျင်ဆိုင်ရာဌာနက “မာယွန်မီးတောင်ဟာ မဂ္ဂမာပေါက်ကွဲမှုအဆင့်သစ်တစ်ခုကိုရောက်ရှိခဲ့ပါပြီ။ လာမယ့် ရက်အနည်းငယ်ကနေ သီတင်းပတ်အတွင်း မီးတောင်ရဲ့အပေါ်ပိုင်းနဲ့အလယ်ပိုင်းတောင်စောင်းတွေမှာ ချော်ရည်စီးဆင်းမှု တွေနဲ့ အန္တရာယ်ရှိတဲ့ မီးတောင်ပြာ၊ ကျောက်စ၊ ဓါတ်ငွေ့တွေရောနှောပါဝင်တဲ့ အလွန်ပူပြင်းတဲ့စီးဆင်းမှုတွေဖြစ်ပေါ်လာ နိုင်ခြေရှိနေပါတယ်” ဟု ပြောသည်။
ထို့ပြင် ချော်ရည်စီးဆင်းမှုများ၊ ကျောက်တုံးများ ပြိုကျခြင်း နှင့် အခြား မီးတောင်ဆိုင်ရာအန္တရာယ်များရှိလာနိုင်ခြင်းကြောင့် မီးတောင်ဝနှင့်နီးကပ်သော နေရာများမှ ဒေသခံများကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးရန် ဒေသဆိုင်ရာတာဝန်ရှိသူ များကို တိုက်တွန်းထားပြီး လေယာဉ်များကိုလည်း မီးတောင်နှင့်နီးကပ်စွာပျံသန်းခြင်းမျိုး မလုပ်ကြရန် အကြံပြုထား ကြောင်း သိရသည်။ မနီလာမြို့၏ အရှေ့တောင်ဘက် (၃၃၀)ကီလိုမီတာ အကွာအဝေးတွင်ရှိသော အမြင့်(၂၄၆၂) မီတာရှိ သည့် မာယွန်မီးတောင်သည် ယခုနှစ်အတွင်း သက်ဝင်လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာသည့် မီးတောင်(၃)လုံးအနက် (၁)လုံး လည်းဖြစ်သည်။

မူရင်းသတင်း — NP News