NP News

မြောက်ကိုရီးယားက ဒရုန်းများ၊ဒုံးကျည်များကိုထုတ်ပြန်ပြသပြီး AI နည်းပညာသုံးလက်နက်များ တီထွင်ထုတ်လုပ်မှုကိုအရှိန်မြှင့်တင်ရန် တိုက်တွန်း

Pika (NP News) - အောက်တိုဘာ ၃ဝ

မြောက်ကိုရီးယားနိုင်ငံသည် လက်နက်ပြသပွဲတစ်ခုအတွင်း တိုက်ခိုက်ရေးဒရုန်းများ၊ ဒုံးကျည်များ နှင့် ဒုံးကျည်အများအပြားပစ်လွှတ်သည့်ရော့ကတ်စနစ်တို့ကို စမ်းသပ်ပစ်လွှတ်မှုများလုပ်ဆောင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် စစ်ဘက်သုံးဒရုန်းနည်းပညာနှင့် AIနည်းပညာများဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။ မြောက်ကိုရီးယားက ၎င်း၏ အရှေ့ဖက်ကမ်းရိုးတန်းမှ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစ်ဒါဇင်ခန့်ကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် အဆိုပါလက်နက်ပြပွဲ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

သို့သော်လည်း ယင်းကဲ့သို့စမ်းသပ်ပစ်လွှတ်မှုများက လက်နက်ပြပွဲနှင့်ဆက်စပ်မှု ရှိ/မရှိ ဆိုသည်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း သိရှိရခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။ လက်နက်ပြပွဲအတွင်း ကင်ဂျုံအန်းက ခေတ်သစ်စစ်ပွဲပုံစံများ အဆက်မပြတ်ပြောင်းလဲနေသည့်အချိန်တွင် ဒရုန်းပညာမှာ အကြွင်းမဲ့သာလွန်မှုကိုရယူနိုင်ရန်က မရှိမဖြစ်လိုအပ်သည့် ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ကင်ဂျုံအန်းက "စွမ်းအားဆိုတာ ငြိမ်းချမ်းရေးကိုဆိုလိုတာဖြစ်ပြီး ငြိမ်းချမ်းရေးကို စွမ်းအားနဲ့သာ အာမခံနိုင်ပါလိမ့်မယ်” ဟု ပြောခဲ့သည်။

အဆိုပါလက်နက်ပြပွဲတွင် အသေခံတိုက်ခိုက်ရေးဒရုန်းများ၊ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်များ တပ်ဆင်ထားသည့် ဘက်စုံသုံးဒရုန်းများ၊ ခရုဇ်ဒုံးကျည်များ နှင့် (၆၀၀)မီလီမီတာရော့ကတ်လောင်ချာများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒရုန်းများ နှင့် ခရုဇ်ဒုံးကျည်များသည် ကျွန်းတစ်ခုပေါ်ရှိ ပစ်မှတ်များကို (၁၀၀)ရာခိုင်နှုန်း တိကျစွာထိမှန်ခဲ့ကြောင်း KCNA က ရေးသားဖော်ပြခဲ့သည်။ မကြာသေးမီအချိန်အတွင်း မြောက်ကိုရီးယားက တိကျပြီးလမ်းညွှန်နိုင်သော တော်ပီဒိုစနစ်အသစ်တစ်ခု နှင့် အလယ်အလတ်အကွာအဝေးပစ် အသံထက်မြန်သည့် ဒုံးကျည်တို့အပါအဝင် လက်နက်စမ်းသပ်မှုအများအပြားကိုလုပ်ဆောင်ခဲ့ပြီး ယင်းလက်နက် နှစ်မျိုးစလုံးတွင် AI နည်းကိုအသုံးပြုထားကြောင်းလည်း ထုတ်ပြန်ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News