NP News

ရွေးကောက်ပွဲတွင် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု နှင့် မဟာမိတ်ပါတီများ ရှုံးနိမ့်ခဲ့ပြီး လွှတ်တော်ကိုထိန်းချုပ်ရန် မရေမရာဖြစ်နေ

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃ဝ

အစ္စရေးရွေးကောက်ပွဲ အပြီးသတ်ရလဒ်များအရ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု၏ မဟာမိတ်အဖွဲ့သည် လွှတ်တော်ကိုထိန်းချုပ်ရန် လိုအပ်သည့် အမတ်နေရာပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲအပြီးတွင် အစ္စရေးနိုင်ငံရှိလုံးဝကွဲပြားခြားနားသော ပါတီများအကြား ခက်ခဲသောညှိနှိုင်းဆွေးနွေးမှုများကို သီတင်းပတ်ပေါင်းများစွာ ပြုလုပ်ရဖွယ်ရှိနေကြောင်း သိရသည်။
ရလဒ်များအရ ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ်နေတန်ရာဟု၏ မဟာမိတ်အဖွဲ့က (၅၃) နေရာ အနိုင်ရရှိခဲ့ပြီး၊ အဓိက အတိုက်အခံ မဟာမိတ်အဖွဲ့က (၄၈) နေရာ အနိုင်ရရှိခဲ့ကာ အာရပ်ဦးဆောင်ပါတီများက သမိုင်းဝင်အဖြစ် အမတ်နေရာ (၁၉) နေရာ ရရှိခဲ့ကြောင်း သိရသည်။
ယခုအခါ ပါတီများသည် နေရာ (၁၂၀) ရှိသော ကနက်ဆက် (Knesset) လွှတ်တော်တွင် အနည်းဆုံး အမတ်နေရာ (၆၁) နေရာရရှိရေး အစိုးရဖွဲ့ရန်တွေ့ဆုံဆွေးနွေးရဖွယ်ရှိနေကြောင်း သိရသည်။

အစ္စရေး၏ သက်တမ်းအတိုင်းရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ နေတန်ရာဟုသည် လက်ရှိတွင် တာဝန်ဆက်လက်ယူထားဆဲဖြစ်သည်။ နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ယာအီး လာပစ် (Yair Lapid) က "အခုမှ တကယ်ခက်ခဲတဲ့အပိုင်းကို ရောက်တာပါ" ဟု ပြောသည်။

အစ္စရေးဝန်ကြီးချုပ်က ယခုသီတင်းပတ်အတွင်းကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် အာရပ်ပါတီများ စံချိန်တင် မဲနိုင်ခဲ့ခြင်းမှာ မဲလိမ်လည်မှုများကြောင့် ဖြစ်သည်ဟုသက်သေမပြဘဲ စွပ်စွဲခဲ့ရာ၊ အာရပ်ခေါင်းဆောင်များက ဝန်ကြီးချုပ်၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ၎င်းအား လှုံ့ဆော်မှုပြုလုပ်နေသည်ဟု ပြန်လည်စွပ်စွဲခဲ့ကြသည်။ရွေးကောက်ပွဲ၌ အာရပ်မဲဆန္ဒရှင်များ အများအပြား မဲပေးခဲ့ကြသဖြင့် နေတန်ရာဟု (သို့) ၎င်း၏ အဓိကပြိုင်ဘက်များ အာဏာရရှိရေး အလွယ်တကူ လျှောက်လှမ်းနိုင်မည့်လမ်းကြောင်းကို ပိတ်ပင်လိုက်သကဲ့သို့ဖြစ်သွားခဲ့ကြောင်း သိရသည်။
မဲလိမ်လည်မှုစွပ်စွဲချက်များကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသော်လည်း ရွေးကောက်ပွဲ၏ တရားမျှတမှုကို စနစ်တကျ ထိခိုက်မှုမရှိခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ရေတွက်ပြီးသည့် မဲ (၉၉) ရာခိုင်နှုန်းနီးပါးအရ နေတန်ရာဟု၏ အမျိုးသားရေးနှင့် ဘာသာရေး မဟာမိတ်အဖွဲ့သည်အမတ်နေရာ အနည်းငယ် အသာရရှိထားပြီး လွှတ်တော်ကိုထိန်းချုပ်နိုင်ရန် လိုအပ်သည့် အမတ်နေရာ (၆၁) နေရာ ရရှိရန် လိုအပ်နေသေးကြောင်း သိရသည်။

မူရင်းသတင်း — NP News