NP News

မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်

Pika (NP News) - အောက်တိုဘာ ၃၀
မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့နိုင်ငံအရှေ့ဖက်ကမ်းရိုးတန်းကနေ တာတိုပစ်ပဲ့ထိန်းဒုံးကျည်(၁၂)စင်းခန့်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြား တင်းမာမှုတွေမြင့်တက်လာခဲ့ပြီး တောင်ကိုရီးယားဘက်က ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ ကမ်းလှမ်းမှုတွေရှိနေချိန်မှာပဲ မြောက်ကိုရီးယားရဲ့ စမ်းသပ်ပစ်လွှတ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုအများအပြားကို လုပ်ဆောင်ခဲ့ပြီးနောက် အခုလိုတာတိုပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို ထပ်မံလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့တဲ့လက်နက်စမ်းသပ်မှုတွေမှာ တိကျပြီးလမ်းညွှန်နိုင်တဲ့တော်ပီဒီုစနစ်နဲ့ တာလတ်ပစ်အသံထက်မြန်တဲ့ဒုံးကျည်တို့ပါဝင်ပြီး နှစ်မျိုးစလုံးက AIနည်းပညာကိုအသုံးပြုထားတယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားရဲ့ ဝွန်ဆန်ဧရိယာကနေ ဂျပန်ပင်လယ်ထဲကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်(၁၂)စင်း စမ်းသပ်ပစ်လွှတ်ခဲ့တာကို တောင်ကိုရီးယားစစ်တပ်က ခြေရာခံတွေ့ရှိခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးကပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားကပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ (၂၅၀)ကီလိုမီတာခန့်ပျံသန်းသွားခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကို တောင်ကိုရီးယားနဲ့အမေရိကန်တို့က ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် နောက်ထပ်ဒုံးကျည်တွေ ထပ်မံပစ်ခတ်လာနိုင်ခြေကို စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ထားတယ်လို့လည်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးကပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News