
ရောင်နီ (NP News) - အောက်တိုဘာ ၂၈
နာမည်ကျော် တောင်ကိုရီးယား ဟာသသရုပ်ဆောင်၊ အစီအစဉ်တင်ဆက်သူ ယူဂျယ်ဆော့ ဟာ ဖျော်ဖြေရေးလောကမှာ သက်တမ်း (၃၅) နှစ်ကြာထိ ကျင်လည်ခဲ့ပြီးနောက် အောက်တိုဘာလ (၂၉) ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၆ ခုနှစ် တောင်ကိုရီးယား လူထုယဉ်ကျေးမှုနဲ့ အနုပညာဆုပေးပွဲ (Korean Popular Culture and Arts Awards) မှာ ယဉ်ကျေးမှုဂုဏ်ထူးဆောင်တံဆိပ် (Order of Cultural Merit) ကို လက်ခံရရှိမယ်လို့ သိရပါတယ်။
အောက်တိုဘာ (၂၇) ရက်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူဂျယ်ဆော့ဟာ သမ္မတရဲ့ တရားဝင် အတည်ပြုချက်နဲ့အတူ အခုနှစ်အတွက် အဆိုပါ ဆုပေးပွဲရဲ့အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု ရရှိမယ့် သူတွေစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပြီး ဘယ်အဆင့် (Grade) ရှိတဲ့ ဆုတံဆိပ်ကို ရရှိမယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
တောင်ကိုရီးယား လူထုယဉ်ကျေးမှုနှင့် အနုပညာဆုပေးပွဲကို ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဖျော်ဖြေရေးသမားတွေနဲ့ ယဉ်ကျေးမှုပညာရှင်တွေရဲ့ နိုင်ငံအပေါ် အကျိုးပြုကြိုးပမ်းမှုတွေအတွက် အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်ပါတယ်။ အခုနှစ်မှာတော့ ယဉ်ကျေးမှုဂုဏ်ထူးဆောင်တံဆိပ်၊ သမ္မတဂုဏ်ပြုမှတ်တမ်း၊ ဝန်ကြီးချုပ်ဂုဏ်ပြုမှတ်တမ်းနဲ့ ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ဂုဏ်ပြုမှတ်တမ်း စတဲ့ ကဏ္ဍ (၄) ခုမှ ဆုပေါင်း (၃၁) ခုခန့် ပေးအပ်သွားမယ်လို့ သိရပါတယ်။
ယူဂျယ်ဆော့ ဟာ ၁၉၉၁ ခုနှစ် က KBS ရုပ်သံရဲ့ပထမအကြိမ် ကောလိပ်ဟာသပွဲတော်မှတဆင့် အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး 'Infinite Challenge', 'Running Man', 'How Do You Play?'နဲ့ 'You Quiz on the Block' စတဲ့ နာမည်ကြီး ဖျော်ဖြေရေးအစီအစဉ်များစွာကို ဦးဆောင်ကာ ဖျော်ဖြေရေးလောကမှာ (၃၅) နှစ်ကြာထိ ထင်ရှားကျော်ကြားစွာ ရပ်တည်လာခဲ့သူဖြစ်ပါတယ်။ အဆိုပါ ဆုကို နာမည်ကြီး ဟာသပညာရှင်တွေဖြစ်ကြတဲ့ လီကျောင်းဂယူ၊ လင်ဟာရောင်း နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဂျွန်ယူဆောင်း တို့လည်း ရရှိထားတယ်လို့ သိရပါတယ်။
