ရောင်နီ (NP News) - အောက်တိုဘာ ၂၈
ပြင်သစ်ဘောလုံးကြယ်ပွင့် ခီလီယန် အမ်ဘာပေ ဟာ တရုတ်နိုင်ငံကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင် မော်စီတုန်းကို “တရုတ်အာဏာရှင်” လို့ ရည်ညွှန်းတဲ့ သဘောသက်ရောက်တဲ့မှတ်ချက်တစ်ခုပြောကြားခဲ့မှုအပေါ် တရုတ်ပြည်သူတွေရဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် အောက်တိုဘာ ၂၇ ရက်မှာ ပြန်လည် တောင်းပန်ခဲ့ရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် တရုတ်ကုမ္ပဏီကြီး သုံးခုကလည်း ၎င်းနဲ့ကြော်ငြာပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
အမ်ဘာပေက ၎င်းရဲ့ထင်မြင်ချက်ဟာ မသင့်လျော်ခဲ့ကြောင်းနဲ့ တရုတ်နိုင်ငံအတွင်းရှိ ပြည်သူတွေအပြင် ကမ္ဘာတစ်ဝန်းရှိ တရုတ်အသိုင်းအဝိုင်းတွေကိုပါ ထိခိုက်စေခဲ့တယ်ဆိုတာ ကို အခုအချိန်မှာ နားလည်သဘော ပေါက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ “ကျွန်တော့်စကားကြောင့် စိတ်ထိခိုက်ခဲ့ရသူအားလုံးကို တောင်းပန်ပါတယ်၊ ဒါဟာ ကျွန်တော့်ရဲ့ရည်ရွယ်ချက် လုံးဝမဟုတ်ပါဘူး၊ တရုတ်ပြည်သူတွေနဲ့ သူတို့ရဲ့ သမိုင်းကြောင်းကို အလွန်လေးစားပါတယ်။ စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်” လို့ အမ်ဘာပေက ပြောကြားခဲ့ပါတယ်။
အဆိုပါအငြင်းပွားမှုဟာ ပြင်သစ်အွန်လိုင်းစကားဝိုင်းအစီအစဉ် “The Bridge” မှာ အမ်ဘာပေကို အကြိုက်ဆုံး အင်တာနက် meme အကြောင်း မေးမြန်းထားတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာရာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ အမ်ဘာပေက မိမိနဲ့ ပတ်သက်တဲ့ meme တွေထဲမှာ တရုတ်အာဏာရှင်တစ်ဦး အဖြစ်ဖော်ပြထားတဲ့ meme တစ်ခုဟာ အရယ်ရဆုံးဖြစ်တယ်လို့ ရည်ညွှန်းခဲ့ပါတယ်။ အဲဒီနောက် အမ်ဘာပေရဲ့မျက်နှာကို မော်စီတုန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အစားထိုးတပ်ဆင်ထားတဲ့ ပုံတစ်ပုံကို အစီအစဉ်က ပြသခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေက အမ်ဘာပေကို အသင်းဖော်တွေနဲ့ ကစားတဲ့ အသင်းတွေအပေါ် လွှမ်းမိုးမှု ကြီးမားသူ “အာဏာရှင်” လို ခေါ်ဆိုလေ့ရှိကြတာကြောင့် မော်စီတုန်း အပါအဝင် အာဏာရှင်ခေါင်းဆောင်တွေရဲ့ ပုံစံနဲ့ ဖန်တီးထားတဲ့ meme တွေ အွန်လိုင်းမှာ ပျံ့နှံ့လေ့ရှိပါတယ်။ ဒါပေမယ့် မော်စီတုန်း ဟာ တရုတ်နိုင်ငံ သမိုင်းမှာ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းနဲ့ပတ်သက်တဲ့ ဟာသတွေကို တရုတ်နိုင်ငံမှာ အလွန် အထိမခံတဲ့ ကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားကြတာကြောင့် အခုလိုတင်းမာမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
အမ်ဘာပေရဲ့မှတ်ချက်အပေါ် ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် တရုတ်ကုမ္ပဏီကြီး သုံးခုဖြစ်တဲ့ Dongpeng အဖျော်ယမကာကုမ္ပဏီ၊ Mengniu နို့ထွက်ပစ္စည်းကုမ္ပဏီနဲ့ Milkground ချိစ်ထုတ်လုပ်ရေး ကုမ္ပဏီတို့က အမ်ဘာပေ နဲ့ ကြော်ငြာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း အောက်တိုဘာ (၂၇) ရက်မှာ ကြေညာခဲ့ပါတယ်။ ကုမ္ပဏီတွေက နိုင်ငံ့ဂုဏ်သိက္ခာနဲ့ ပြည်သူတွေရဲ့ခံစားချက်ကို ထိခိုက်စေတဲ့ ပြောဆိုမှုနဲ့ လုပ်ရပ်တွေကိုလက်မခံဘူးလို့ ထုတ်ပြန်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံပိုင် China Media Group ကလည်း စပိန်လာလီဂါ ပွဲစဉ်တွေနဲ့ အမ်ဘာပေ ပါဝင်တဲ့အခြားပွဲစဉ်တွေကို ထုတ်လွှင့်ပြသမှုရပ်ဆိုင်းခဲ့ပြီး ၎င်းပါဝင်တဲ့ ကြော်ငြာတွေကိုလည်း ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
မော်စီတုန်း ဟာ တရုတ်ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့ပြီး ပြည်တွင်းစစ်မှာ အမျိုးသားရေးပါတီကို အနိုင်ရရှိခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမယ့်လည်း တရုတ်နိုင်ငံသားများစွာရဲ့ ဒီနေ့တိုင် လေးစားကြည်ညိုမှုကို ရရှိထားသူဖြစ်ပါတယ်။