
ရောင်နီ (NP News) - အောက်တိုဘာ ၂၈
Apple ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချထားတဲ့ ပထမဆုံး ခေါက်ဖုန်းအမျိုးအစား iPhone Duo ဟာ စတင်အသုံးပြုပြီး နာရီပိုင်းနဲ့ရက်ပိုင်းအတွင်းမှာတင် ဖုန်းမျက်နှာပြင် ကွဲအက်မှုတွေ တွေ့ရှိလာရတယ်လို့ သုံးစွဲသူရဲ့တိုင်ကြားမှုတွေ မြင့်တက်နေပါတယ်။
အမေရိကန်ဒေါ်လာ ၁,၉၉၉ မှ စတင်ဈေးနှုန်းသတ်မှတ်ကာ အောက်တိုဘာ (၂၃) ရက်ကမှ စတင်ရောင်းချခဲ့တဲ့ အဆိုပါ iPhone Duo ဖုန်းတွေဟာ ခေါက်ထားရာမှ ပြန်လှန်ဖွင့်လိုက်ချိန်မှာ အလယ်ခေါက်ကြောင်းတစ်လျှောက် ကျိုးကြေတဲ့အသံကြားရပြီးနောက် အက်ကြောင်းတွေ ပေါ်လာခြင်း၊ စခရင် ညာဘက်ခြမ်းမှာ အဖြူရောင်ကွက်များ ပေါ်လာခြင်းနဲ့ Touch စနစ် ချွတ်ယွင်းသွားခြင်း စတဲ့ ပြဿနာတွေကြုံတွေ့နေရတယ်လို့ Reddit နဲ့ အခြားလူမှုကွန်ရက်စာမျက်နှာတွေမှာ သုံးစွဲသူတွေရဲ့ဓာတ်ပုံတွေနဲ့တကွ ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး Apple ကုမ္ပဏီက "iPhone Duo အရေအတွက် အနည်းငယ်ရဲ့အတွင်း မျက်နှာပြင်ကို ထိခိုက်စေတဲ့ပြဿနာတစ်ခုရှိနေကြောင်း သိရှိထားပြီးဖြစ်တယ်" လို့ အတည်ပြုထုတ်ပြန်ထားပြီး၊ ပြဿနာကြုံတွေ့ရတဲ့သုံးစွဲသူတွေအနေနဲ့ အသစ်ပြန်လည်လဲလှယ်နိုင်ရေးအတွက် AppleCare ကို ဆက်သွယ်ကြဖို့ အကြောင်းကြားထားပါတယ်။
ပစ္စည်းအစိတ်အပိုင်းတွေကိုဖြုတ်ယူစစ်ဆေးတဲ့ iFixit အဖွဲ့ရဲ့သုံးသပ်ချက်အရ ဒီပြဿနာဟာ မျက်နှာပြင်ပြဿနာကြောင့်မဟုတ်ဘဲ ဖုန်းရဲ့ပတ္တာ (Hinge) အစိတ်အပိုင်း အနည်းငယ် ချွတ်ယွင်းသွားရာမှ မျက်နှာပြင်ကို ဖိမိကာ ကွဲအက်သွားခြင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ Apple အင်ဂျင်နီယာအဖွဲ့ဟာ အဆိုပါချွတ်ယွင်းမှုဖြစ်စဉ်တွေကို အသေးစိတ်ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
