
Pika (NP News) - အောက်တိုဘာ ၂၈
လာမယ့်လမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေက ရိုးသားပြီးတရားမျှတမှုရှိမယ်ဆိုရင် လက်ခံအသိအမှတ်ပြုသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့အခုလိုမျိုးပြောဆိုချက်တွေက လာမယ့်သီတင်းပတ်မှာကျင်းပမယ့်အရေးပါတဲ့ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် သံသယတွေကို တိုးလာစေဖို့ ရည်ရွယ်ထားတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပုံပေါ်တယ်လို့ ရေးသားမှုတွေလည်းရှိနေပါတယ်။
လာမယ့်ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ လွှတ်တော်အပေါ် ထိန်းချုပ်နိုင်စွမ်းတွေကို ဆုံးရှုံးသွားနိုင်တယ်လို့ စစ်တမ်းတွေကဖော်ပြနေချိန်မှာပဲ ဒေါ်နယ်ထရမ့်က မဲပေးမှုမှာမသမာမှုတွေရှိနေတယ်ဆိုတဲ့ နှစ်ပေါင်းများစွာကြာပြောဆိုလာခဲ့တဲ့အထောက်အထားမဲ့စွပ်စွဲပြောဆိုချက်တွေကို အရှိန်မြှင့်တင်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က "ရွေးကောက်ပွဲတွေက ရိုးသားပြီးတရားမျှတမှုရှိမယ်ဆိုရင်တော့ ရလဒ်တွေကို ကျွန်တော်လက်ခံသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေကို လက်ခံအသိအမှတ်ပြုမှာလားဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က အခုလိုတုံ့ပြန်ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်နဲ့အထက်လွှတ်တော်တို့မှာ ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားခဲ့မယ်ဆိုရင် ပြိုင်ဖက်ဒီမိုကရက်တစ်ပါတီနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်ကကတိပြုပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့နည်းလမ်းရှာရမှာပေါ့။ ကျွန်တော့်မှာ အားကောင်းတဲ့ဗီတိုအာဏာရှိပါတယ်။အဲဒီလိုအခြေအနေမျိုးကို ဖြစ်မလာစေချင်ပါဘူး။ ဒါပေမဲ့ တကယ်လို့ဖြစ်လာခဲ့မယ်ဆိုရင် အရင်သမ္မတတွေအားလုံးလည်း ဒီလိုမျိုးကြုံဖူးခဲ့ကြမှာပါ။ ဗီတိုအာဏာရှိတဲ့အတွက် နောက်ဆုံးမှာတော့ နှစ်ဘက်စလုံးက သဘောတူမယ့် သဘောတူညီချက်တွေ ရရှိအောင်လုပ်ဆောင်ကြရမှာပါပဲ” လို့ ပြောခဲ့ပါတယ်။