NP News

အမေရိကန်က နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းကို ဩစတြေးလျအခြေစိုက်စခန်းသို့ ပထမဆုံးအကြိမ်စေလွှတ်ချထား

Pika (NP News) - အောက်တိုဘာ ၂၇

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ဟာ အနောက်ဩစတြေးလျပြည်နယ်မှာ အခြေစိုက်မယ့်အလှည့်ကျတပ်ဖွဲ့အတွက် ပထမဆုံးသော အမေရိကန်နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောအဖြစ် USS Colorado ကို တာဝန်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
ကုန်းမြေပစ်ဒုံးကျည်တွေနဲ့ ခေတ်မီတော်ပီဒိုတွေတပ်ဆင်ထားတဲ့ အလျား(၃၇၇)ပေရှိ Virginia အမျိုးအစား ရေငုပ်သင်္ဘောဟာ (၂၀၂၇)ခုနှစ်နှောင်းပိုင်းမှာ ဩစတြေးလျမှာရှိတဲ့ အခြေစိုက်စခန်းအသသစ်ကို ရောက်ရှိလာလိမ့်မယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။

AUKUS ကာကွယ်ရေးသဘောတူညီချက်အရ ပစိဖိတ်ဒေသမှာ အမေရိကန်၊ဩစတြေးလျ၊ဗြိတိန်တို့ပူးပေါင်းကာ ဟန့်တားရေးစွမ်းရည်များတည်ဆောက်ရာမာ ဒီရေငုပ်သင်္ဘောဖြန့်ကျက်ချထားတာက အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ၎င်းတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။
ဒေသတွင်းမှာ တရုတ်ရဲ့စစ်ရေးအင်အားတိုးချဲ့လာမှုကို တုံ့ပြန်တဲ့အနေနဲ့ သတ်မှတ်ထားတဲ့ ဒီကာကွယ်ရေးသဘောတူညီချက်ဟာ ဩစတြေးလျရေတပ်ကို ရေဒါနဲ့ရှာဖွေဖို့ ခက်ခဲတဲ့ နျူကလီယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေရှိတဲ့ ရေတပ်အဖြစ်ပြောင်းလဲဖို့နဲ့ မဟာမိတ်သုံးနိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဩစတြေးလျနိုင်ငံဟာ ၎င်းရဲ့နယ်မြေအတွင်း နိုင်ငံခြားစစ်အခြေစိုက်စခန်းတွေကို ထားရှိခွင့်မပြုပေမဲ့လည်း ဒါဝင်မြို့မှာတော့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကို တစ်နှစ်မှာ ခြောက်လကြာစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ လက်ခံထားလေ့ရှိတာလည်းဖြစ်ပါတယ်။
"Submarine Rotational Force-West"လို့ခေါ်တဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအဖွဲ့ဟာ အနောက်ဩစတြေးလျပြည်နယ်မှာရှိတဲ့ HMAS Stirling ရေတပ်စခန်းမှာ အခြေစိုက်မှာလည်းဖြစ်ပါတယ်။

မူရင်းသတင်း — NP News