Pika (NP News) - အောက်တိုဘာ ၂၆
ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ထိုင်းနိုင်ငံမှာ မိုးရာသီမကုန်ဆုံးခင်ကာလအတွင်း ရာသီဥတုဆိုးရွားတာတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းပြောဆိုထားပါတယ်။
ဖူးခက်ကျွန်းမှာ ရေကြီးမှုတွေအတွင်း နာမည်ကျော်ခရီးသွားနေရာတစ်ခုဖြစ်တဲ့ ပါတောင်းမြို့က ရေဘေးသင့်ဒဏ်ကို အဆိုးရွားဆုံးခံစားနေရတယ်လို့လည်း သိရပါတယ်။
ရေကြီးမှုတွေကြောင့် ရွှံ့တွေ၊ ကျောက်တုံးတွေနဲ့ အပျက်အစီးတွေက လူနေရပ်ကွက်တွေနဲ့ လမ်းမတွေပေါ် ရောက်ရှိလာခဲ့ပြီး နေအိမ်၊ဆိုင်တွေနဲ့ယာဉ်ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့လည်း ဘန်ကောက်ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်စောင်းတွေကနေ ရေနဲ့အပျက်စီးတွေက အနိမ့်ပိုင်းဒေသတွေကို ချက်ချင်းစီးဝင်လာခဲ့တာဖြစ်ပြီး ပါတောင်းမြို့ပါဝင်တဲ့ကာသူခရိုင်က ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့သိရပါတယ်။
ဒါ့ပြင် ရေကြီးမှုတွေကဆက်လက်ဖြစ်ပွားနေတာကြောင့် အချို့နေရာတွေမှာ ယာဉ်သွားလာမှုတွေကိုပါ တားမြစ်ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဘူဒိုဇာတွေနဲ့အခြားစက်ယန္တရားတွေကိုသုံးပြီး အပျက်အစီးတွေကို ရှင်းလင်းနေသလို ပါတောင်းမြို့အုပ်ချုပ်ရေးအဖွဲ့ကလည်း အရေးပေါ်ခိုလှုံရာနေရာတွေ စီစဉ်ပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်း ရက်အတော်ကြာအောင် မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး ဘေးအန္တရာယ်ဇုန်အဖြစ် အရေးပေါ်ကြေညာခဲ့ရတာလည်းဖြစ်ပါတယ်။
