ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၆
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့အကြား ယခုသီတင်းပတ်အတွင်း တင်းမာမှုများ မြင့်တက်နေသည်။မြောက်ကိုရီးယားကစက်တင်ဘာလ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကို တောင်ကိုရီးယားက လုပ်ကြံဖန်တီးခဲ့သည်ဟူသော စွပ်စွဲထားသည့်စာကို မြောက်ကိုရီးယားက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံသို့ စာတစ်စောင် ပေးပို့ခဲ့ပြီးနောက် တင်းမာမှု ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
တောင်ကိုရီးယားက မြောက်ကိုရီးယား၏ လက်နက်ကြီးတစ်လက်ကို နယ်စပ်အနီးတွင် တွေ့ရှိခဲ့သည်ဟု ပြောဆိုပြီးနောက် ယခုကဲ့သို့ တင်းမာလာခြင်း ဖြစ်သည်။တောင်ကိုရီးယားဘက်ခြမ်းရှိ နယ်စပ်စောင့်ကြည့်စခန်းတစ်ခုတွင် ရောက်ရှိနေသော ရိုက်တာသတင်းဌာနမှ သတင်းထောက်တစ်ဦးက နယ်စပ်အနီး ထင်ရှားသောနေရာတွင် မြောက်ကိုရီးယား၏ အမြောက်လက်နက်တစ်ခု ချထားသည်ကို အတည်ပြုခဲ့သည်။
တောင်ကိုရီးယား၏ ယွန်ဟပ် (Yonhap) သတင်းဌာနကအဆိုပါလက်နက်မှာ ၁၂၂ မီလီမီတာရှိ ရွေလျားနိုင်သည့်ဟောင်ဝစ်ဇာ (self-propelled 122-mm howitzer) ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး၊ ၎င်း၏ နယ်စပ်အနီး ချထားမှုသည် ယင်းကဲ့သို့သော လက်နက်ကြီးများကို လူသိရှင်ကြား ရှားရှားပါးပါး ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် ရိုက်တာသတင်းဌာနကလည်း မြောက်ကိုရီးယား၏ သံချပ်ကာယာဉ် ၃ စီးမှာ ၎င်းတို့၏ တောင်ဘက်သို့ ဦးတည်ထားသည်ကို တွေ့ရှိခဲ့ရသလို, စစ်မဲ့ဇုန် (DMZ) အတွင်း ကင်းရှင်းရေးနှင့် ကာရံရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည့် မြောက်ကိုရီးယားစစ်သား အယောက် ၂၀ မှ ၃၀ ခန့်ကိုလည်း တွေ့ရှိခဲ့ရသည်။
"မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ကိုယ်တိုင်ထုတ် အမြောက်လက်နက်ကို ဒီလောက်အထိ ထင်ရှားပေါ်လွင်အောင် ထုတ်ပြတာဟာ အလွန်တရာမှ ထူးဆန်းပါတယ်" ဟု ဆိုးလ်မြို့ရှိ ကျောင်းနမ်တက္ကသိုလ်မှ ပါမောက္ခ လင်အယ်လ်ချူး (Lim Eul-chul) က ပြောကြားခဲ့သည်။
"အခုလို ရည်ရွယ်ချက်ရှိရှိ ပြသခြင်းအားဖြင့် မြောက်ကိုရီးယားဟာ ဆွေးနွေးညှိနှိုင်းမှုတွေထက် အင်အားကိုသုံးပြီး သူတို့ရဲ့ နယ်စပ်မူဝါဒကို ကျင့်သုံးသွားမယ်ဆိုတာကို စကားလုံးနဲ့မဟုတ်ဘဲ လုပ်ရပ်နဲ့သတိပေးနေတာဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းကမတော်တဆ ပဋိပက္ခဖြစ်ပွားမှုကို ရှောင်ရှားလိုသည့် ရည်ရွယ်ချက်ဖြင့် နယ်စပ်ပဋိပက္ခပိုမိုကြီးထွားလာခြင်းအပေါ်သတိထားကြရန် တောင်ကိုရီးယားကို သတိပေးနေခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
မြောက်ကိုရီးယား၏ နယ်စပ်တည်ဆောက်ရေးလုပ်ငန်းများကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်မှုတစ်ခုအဖြစ် ပုံဖော်ရန်အတွက် တောင်ကိုရီးယားက မြေမြှုပ်မိုင်းပေါက်ကွဲမှုကို အသုံးချနေကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။