Pika (NP News) - အောက်တိုဘာ ၂၆
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ Circuit of the Americas (COTA) ပြိုင်ကွင်းသည် မကြာမီ ကျင်းပတော့မည့် Formula 1 ပြိုင်ပွဲကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့အကြီးဆုံး အတည် ပြုထားသော ကောင်းဘွိုင်ဦးထုပ်ပုံစံရုပ်တုကြီးကို ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။
COTA သည် အော်စတင်မြို့အခြေစိုက် အဝတ်အထည်အမှတ်တံဆိပ် Tecovas နှင့် ပူးပေါင်းကာ ၎င်းတို့၏ Cattleman ပုံစံ ကောင်းဘွိုင်ဦးထုပ်ကို အလွန်ကြီးမားသောအရွယ်အစားတစ်ခုအဖြစ် ပုံဖော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကောင်းဘွိုင်ဦးထုပ်သည် အကျယ်(၄၃)ပေ၊ အရှည်(၄၇)ပေနှင့် အမြင့်(၁၇)ပေရှိပြီး ကမ္ဘာ့အကြီးဆုံး ကောင်းဘွိုင်ဦးထုပ်အဖြစ်သတ်မှတ်ခံခဲ့ရသည်။
ထို့နောက် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ယင်းကောင်းဘွိုင်ဦးထုပ်ကြီးကို တိုင်းတာစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကောင်းဘွိုင်ဦးထုပ်အဖြစ် တရားဝင် သတ် မှတ်ပေးခဲ့သည်။ ထို့ပြင် အဆိုပါကောင်း ဘွိုင်ဦးထုပ်ကြီးသည် ဖိုက်ဘာမှန်ဖြင့် ပြုလုပ်ထားသည့် ကမ္ဘာ့ အကြီးဆုံးဦးထုပ်ပုံ စံရုပ်တုဖြစ်ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က တရားဝင်ထုတ်ပြန် ပြောကြားခဲ့သည်။
အဆိုပါ ကောင်းဘွိုင်ဦးထုပ်ကြီးကို မကြာမီကျင်းပတော့မည့် Formula 1 United States Grand Prix ပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် မိတ်ဆက်ပြသခဲ့ခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားခဲ့သည်။ COTA က “ကျွန်တော်တို့ Tecovas ကုမ္ပဏီနဲ့ ပူးပေါင်းတီထွင်ဖန်တီးခဲ့တဲ့ ကောင်းဘွိုင် ဦးထုပ်ကြီးက ကမ္ဘာ့အကြီးဆုံးအဖြစ်သတ်မှတ်ခံခဲ့ရလို့ တကယ်ကိုဝမ်းသာမိပါတယ်။ ဒီကောင်းဘွိုင် ဦးထုပ်ကြီးကို မကြာခင်ကျင်းပတော့မယ့် Formula 1 United States Grand Prix ပြိုင်ပွဲ ကိုဂုဏ်ပြုတဲ့အနေနဲ့ ဖန်တီးခဲ့တာပါ” ဟုပြောဆိုခဲ့သည်။