Pika (NP News) - အောက်တိုဘာ ၂၆
ယူကရိန်းက လူသတ်ဖို့ Starlinkကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ SpaceXကုမ္ပဏီရဲ့ စီအီးအို အီလွန်မတ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။။
ယူကရိန်းစစ်တပ်ကို ထိုးစစ်ဆင်ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အသုံးပြုခွင့်ပေးထားတဲ့အရပ်ဘက်ဂြိုလ်တုအင်တာနက်ကွန်ရက်တစ်ခုကို SpaceX ကုမ္ပဏီက ပိတ်ပစ်လိုက်ပြီလို့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့ပြင် စစ်ပွဲကို ဆက်လက်ရှည်ကြာနေအောင် ဖန်တီးနေတဲ့လူတွေလည်း ငရဲမှာ လောင်ကျွမ်းနေပါစေလို့ အီလွန်မတ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ယူကရိန်းကြား သဘောထားကွဲလွဲမှုတွေရှိလာနေချိန်မှာပဲ အီလွန်မတ်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက စစ်ပွဲကိုအဆုံးသတ်နိုင်မယ့်အခွင့်အရေးတွေကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ကြောင်း နဲ့ ရုရှားရဲ့ရေနံအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာလောင်စာဆီပြတ်လပ်မှုကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုထားတာလည်းဖြစ်ပါတယ်။
အီလွန်မတ်က "အရပ်ဘက်စီးပွားဖြစ် ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Starlink ကို လူသေစေနိုင်တဲ့ဒရုန်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုခွင့်ဘယ်တုန်းကမှ မပေးခဲ့သလို ပေးလည်း မပေးသင့်ပါဘူး။ ယူကရိန်းစစ်တပ်က Starlink ရဲ့ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်ပြီး လူသေစေနိုင်တဲ့ ဒရုန်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုခဲ့ပါတယ်။ ဒါကြောင့်မလို့ပဲ ယူကရိန်းအတွက် အသုံးပြုခွင့်ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပိတ်ပစ်လိုက်ပါပြီ” လို့ ပြောခဲ့ပါတယ်။
SpaceX ကုမ္ပဏီရဲ့စီအီးအိုဖြစ်တဲ့ အီလွန်မတ်က စီးပွားဖြစ် Starlink ကွန်ရက်နဲ့ အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့ စစ်ဘက်သုံးစနစ် Starshield တို့က မတူညီဘူးဆိုတာကိုလည်း ရှင်းပြခဲ့ပြီး ဘာလုပ်မယ်ဆိုတာက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲမူတည်တယ်လို့ ပြောကြားခဲ့ပါတယ်။