ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၆
ဘရာဇီးလက်ရှိသမ္မတ လူလာ ဒါ ဆေးလ်ဗားသည် ၂၀၂၆ ဘရာဇီးသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် အဓိကပြိုင်ဘက် လက်ယာစွန်း အထက်လွှတ်တော်အမတ် ဖလာဗီယို ဘိုလ်ဆိုနာရိုကို အကြိတ်အနယ်ကျော်ဖြတ်ကာ အနိုင်ရသွားခဲ့ကြောင်း သိရသည်။
ဘရာဇီးရွေးကောက်ပွဲခုံရုံး၏ တရားဝင် ထုတ်ပြန်ချက်အရ လူလာသည် ဆန္ဒမဲ (၅၁.၇၆) ရာခိုင်နှုန်း ရရှိခဲ့ပြီး ဘိုလ်ဆိုနာရိုက (၄၈.၂၄) ရာခိုင်နှုန်း ရရှိခဲ့သဖြင့် မဲအရေအတွက် (၄) သန်းကျော် အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လူလာသည် ၁၉၈၉ ခုနှစ် ဘရာဇီးဒီမိုကရေစီ ပြန်လည်စတင်ပြီးနောက်ပိုင်း ပထမအကျော့မဲပေးပွဲတွင် ဒုတိယနေရာသို့ရောက်ရှိခဲ့သော်လည်း ဒုတိယအကျော့တွင် ရလဒ်ကို အောင်မြင်စွာ ပြောင်းပြန်လှန်နိုင်ခဲ့သည့် ပထမဆုံး သမ္မတလောင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲပထမအကျော့တွင် ဖလာဗီယို ဘိုလ်ဆိုနာရိုက ၄၇.၀ ၃%၊ လူလာက ၄၅.၁၆ % ဖြင့် ရှေ့မှ ဦးဆောင်ခဲ့သော်လည်း ဒုတိယအကျော့တွင် လူလာက အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။အသက် ၈၁ နှစ်ရှိလူလာအတွက် ယခုအောင်ပွဲသည် ၎င်း၏ နိုင်ငံရေးဖြတ်သန်းမှုတွင် စတုတ္ထအကြိမ်မြောက် သမ္မတသက်တမ်းဖြစ်ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် တရားဝင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲမဲရုံပိတ်ချိန်ကို ၂ နာရီကြာ တိုးမြှင့်ပေးခဲ့မှုအပေါ် ဘိုလ်ဆိုနာရိုဘက်တော်သားများက ဝေဖန်မှုများ ပြုလုပ်ခဲ့သော်လည်း နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက မဲပေးမှုလုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာစွာ ပြီးဆုံးခဲ့ကြောင်း သုံးသပ်ထားသည်။
