
ရောင်နီ (NP News) - အောက်တိုဘာ ၂၆
Microsoft က ဆရာဝန်တစ်ဦးလို လူနာရဲ့ ရောဂါလက္ခဏာတွေကို အဆင့်ဆင့်သုံးသပ်ပြီး ရောဂါရှာဖွေပေး နိုင်တဲ့ဉာဏ်ရည်တု (AI) စနစတစ်ခုကို တီထွင်လိုက်ပါတယ်။ AI အသစ်ရဲ့ စမ်းသပ်မှုတွေဟာ အထွေထွေ ဆရာဝန် တွေထက် ပိုမိုတိကျတဲ့ရလဒ်တွေ ပေးနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ AI စနစ်ဟာ လူနာရဲ့ရောဂါရာဇဝင်ကို စုဆောင်းခြင်း၊ စစ်ဆေးမှုရလဒ်တွေကို သုံးသပ်ခြင်း၊ လိုအပ်တဲ့ဆေးစစ်မှုတွေကို ရွေးချယ်ခြင်းနဲ့ရရှိလာတဲ့ အချက်အလက်အသစ်တွေအပေါ်မူတည်ပြီး ရောဂါဖြစ်နိုင်ခြေကို ပြန်လည်သုံးသပ်ခြင်းတို့ကို အဆင့်ဆင့်လုပ် ဆောင်နိုင်တယ်လို့ သိရပါတယ်။
စမ်းသပ်မှု အဆင့်မှာ ရှုပ်ထွေးပြီး ရှားပါး ဆေးဘက်ဆိုင်ရာဖြစ်ရပ် ၃၀၀ ကျော်ကို အသုံးပြုပေးနိုင်တာ ကြောင့် AI စနစ်ရဲ့ရောဂါရှာဖွေမှုဟာ အထွေထွေ ဆရာဝန်တွေထက် နှစ်ဆကျော် ပိုမိုတိကျတာ တွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါအပြင် အရေးပေါ်ဌာနကို လာရောက်ကုသမှုခံယူခဲ့တဲ့ လူနာတွေရဲ့ အချက်အလက် တွေကို အသုံးပြုရတဲ့စမ်းသပ်မှုမှာလည်း AI စနစ်က ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ AI စနစ်ဟာ ရောဂါရှာဖွေရာမှာ လိုအပ်တဲ့စစ်ဆေးမှုတွေကို ရွေးချယ်ပေးနိုင်ခြင်းကြောင့် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်တဲ့ အလားအလာရှိတယ်လို့ ဆိုပါတယ်။
Microsoft ကတော့ AI အသစ်ကို လက်တွေ့ဆေးကုသမှု လုပ်ငန်းတွေမှာ အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ဖို့ ဘော့စတွန်မြို့ရှိ Beth Israel Deaconess Medical Center နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ယခုလေ့လာမှုတွေဟာ ယခင်က မှတ်တမ်းတင်ထားတဲ့ ဆေးဘက်ဆိုင်ရာအချက် အလက်တွေအပေါ် အခြေခံထားခြင်းဖြစ်ပြီး လူနာတွေအပေါ်မှာ AI စနစ် တိကျမှုနဲ့ဘေးကင်းမှုကိုတော့ လက်တွေ့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
