NP News

မျိုးဗီဇပြောင်း H1N1 ဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ ပုံမှန်ထက် ၂ လခွဲစောပြီး တုပ်ကွေးရာသီစတင်

ရောင်နီ (NP News) - အောက်တိုဘာ ၂၆

အမေရိကန်နိုင်ငံမှာ ကိုယ်ခံအားကို ရှောင်လွှဲနိုင်စွမ်းရှိတဲ့ မျိုးဗီဇပြောင်း H1N1 ဗိုင်းရပ်စ်ကြောင့် ယခုနှစ် တုပ်ကွေးရာသီဟာ ပုံမှန်ထက် (၂)လခွဲခန့် စောစီးစွာ စတင်နေတယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ ယခင်နှစ်တွေကလို တောင်ပိုင်းမှ စတင်ပျံ့နှံ့ခြင်း မဟုတ်ဘဲ အနောက်ဘက်ကမ်းရိုးတန်းပြည်နယ်တွေမှ ဦးစွာ ဖြစ်ပွားပျံ့နှံ့လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဝါရှင်တန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တုပ်ကွေးစစ်ဆေးမှု ခံယူသူ ၁၀ ဦးမှာ တစ်ဦးခန့်နှုန်း ဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီး အဲဒီအခြေအနေဟာ ပုံမှန်အားဖြင့် ဇန်နဝါရီလဝန်းကျင်မှသာ တွေ့ရလေ့ရှိတဲ့ ကူးစက်မှုအဆင့် နဲ့ ဆင်တူနေတယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ ကူးစက်ရောဂါရှာဖွေရေးဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာ အဲလက်စ် ဂရင်နင်ဂါက ပြောကြားပါတယ်။
အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း တုပ်ကွေးလက္ခဏာတွေကြောင့် ဆရာဝန်ဆီ လာရောက်ပြသသူ နှုန်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။ လက်ရှိပျံ့နှံ့‌နေတဲ့ ဗိုင်းရပ်စ်အများစုဟာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားစေခဲ့ဖူးတဲ့ H1N1 အမျိုးအစား ဗိုင်းရပ်စ်ဖြစ်ပြီး G155E လို့ သတ်မှတ်ထားတဲ့ မျိုးဗီဇပြောင်းလဲမှုတစ်ခု ဖြစ်ကာ လူ့ကိုယ်ခံအားရဲ့တုံ့ပြန်မှုကို ပိုမိုခံနိုင်ရည်ရှိတဲ့ ဗိုင်းရပ်စ်အမျိုးအစား ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက ရှင်းပြထားပါတယ်။
အလားတူ ဗိုင်းရပ်စ်မျိုးကွဲဟာ ဂျပန်နိုင်ငံမှာလည်း ကူးစက်မှုမြင့်တက်နေပြီး ကလေးတွေအကြား ရောဂါဖြစ်ပွားမှုတွေကြောင့် ကျောင်းနဲ့ ကလေးထိန်းဌာနအချို့ကို ပိတ်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။ ဗိုင်းရပ်စ်မျိုးဗီဇပြောင်းလဲမှုကြောင့် ကာကွယ်ဆေးရဲ့ထိရောက်မှုအပေါ်စိုးရိမ်မှုတွေရှိပေမယ့်လည်း ကာကွယ်ဆေးဟာ အကာအကွယ်ပေးနိုင်ဆဲဖြစ်တာကြောင့် မထိုးရသေးသူတွေအနေနဲ့ အမြန်ဆုံး ထိုးနှံသင့် ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

မူရင်းသတင်း — NP News