
ရောင်နီ (NP News) - အောက်တိုဘာ ၂၆
သီရိလင်္ကာနိုင်ငံ မန်နာကျွန်းဆွယ်မှာ လေအားလျှပ်စစ် တာဘိုင်တွေ တည်ဆောက်ပြီးနောက် ငါးဖမ်းရရှိမှု လျော့နည်းလာခြင်းနဲ့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာတဲ့အပေါ် ဒေသခံတွေရဲ့မကျေနပ်မှုတွေမြင့်တက်လာနေ တယ်လို့ သိရပါတယ်။
မန်နာဒေသရှိ ငါးဖမ်းသမားတွေက လေအားလျှပ်စစ်တာဘိုင်တွေ တည်ဆောက်ပြီးနောက် ငါးဖမ်းရရှိမှု သိသိသာသာလျော့နည်းလာတယ်လို့ ပြောကြားထားပါတယ်။ ယခင်က တစ်နေ့ကို သီလင်္ကာရူပီး (၅,၀၀၀) ခန့် ဝင်ငွေရရှိခဲ့တဲ့ ငါးဖမ်းသမားတွေဟာ ယခုအခါ ရူပီး (၁,၀၀၀) ကျော်သာ ရရှိတော့တယ်လို့ ဒေသခံငါးဖမ်းသမားများ သမဝါယမအသင်းအကြီးအကဲ အေစတန်နစ်လပ်စ် ပီရစ်က ပြောပါတယ်။
ငါးဖမ်းသမားအချို့က လေအားလျှပ်စစ်တာဘိုင်တွေကြောင့် ငါးတွေကမ်းစပ်ရေတိမ်ပိုင်းကို လာရောက်မှု လျော့နည်းသွားတယ်လို့ ခန့်မှန်းထားပေမယ့်လည်း အဲဒီအချက်ကို အတည်ပြုနိုင်တဲ့ သက်သေအထောက်အထား မရှိသေးဘူးလို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံက ငါးဖမ်းသင်္ဘောကြီးတွေနဲ့ ယှဉ်ပြိုင်ငါးဖမ်းရခြင်းြလည်း ငါးဖမ်းရရှိမှု ကျဆင်းရတဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ထောက်ပြထားပါတယ်။ ဒါအပြင် လေအားလျှပ်စစ်တာဘိုင်တွေ တည်ဆောက် ရာမှာ အသုံးပြုတဲ့ကွန်ကရစ်အုတ်မြစ်တွေနဲ့ လမ်းတွေအတွက် တူးဖော်ထားတဲ့မြောင်းတွေကြောင့် မိုးရေတွေ ပင်လယ်အတွင်း စီးဆင်းနိုင်ခြင်းမရှိတော့ဘဲ ကျေးရွာတွေအတွင်း ရေကြီးမှုတွေဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ရေကြီးမှုကြောင့် နေအိမ်တွေနဲ့ စိုက်ပျိုးသီးနှံတွေ ထိခိုက်ပျက်စီးတဲ့အပြင် ရေတွင်းရေတွေကို သောက်သုံးမရတော့တဲ့အခြေအနေတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။
သီရိလင်္ကာအစိုးရကတော့ ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံရဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၇၀) ရာခိုင်နှုန်းကို လေအားလျှပ်စစ် အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေမှာ ရရှိဖို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့်လည်း ဒေသခံတွေရဲ့ကန့်ကွက်မှုတွေကြောင့် မန်နာဒေသရှိ စီမံကိန်း အသစ်တွေကို ယာယီရပ်ဆိုင်းထားတယ်လို့ စွမ်းအင် ဝန်ကြီး အနူရာ ကာရူနာသီလကာက ပြောကြားထားပါတယ်။

