NP News

အသည်းခြောက်ရောဂါကို စောစီးစွာသိရှိနိုင်မယ့် သွေးစစ်ဆေးမှုအသစ် စင်ကာပူတီထွင်

ရောင်နီ (NP News) - အောက်တိုဘာ ၂၆

အချိန်မီကုသမှုမရရှိပါက အသည်းပျက်စီးခြင်းနဲ့ အသည်းကင်ဆာအထိဖြစ်ပွားနိုင်တဲ့ အသည်းခြောက် ရောဂါကို စောစီးစွာ သိရှိနိုင်မယ့် သွေးစစ်ဆေးမှုအသစ်တစ်မျိုးကို စင်ကာပူသုတေသီတွေက တီထွင်လိုက်တယ်လို့ သိရတယ်။
CIRRHOClear လို့ အမည်ပေးထားတဲ့ အဆိုပါစစ်ဆေးမှုကို Mirxes ကုမ္ပဏီနဲ့ စင်ကာပူအမျိုးသား ကင်ဆာ စင်တာတို့ ပူးပေါင်းတီထွင်ခဲ့တာဖြစ်ပါတယ်။ CIRRHOClear ဟာ သွေးနမူနာမှတစ်ဆင့် အသည်းပျက်စီးမှုနဲ့ ဆက်စပ်တဲ့ ဇီဝအမှတ်အသားတွေကို စစ်ဆေးကာ ရောဂါဖြစ်နိုင်ခြေကို ခွဲခြားသတ်မှတ်နိုင်ပါတယ်။ လက်တွေ့ စမ်းသပ်မှုတွေအရ အသည်းခြောက်ရောဂါရှိသူတွေကို (၈၉) ရာခိုင်နှုန်း တိကျစွာ ဖော်ထုတ်နိုင်ခဲ့ပြီး ရောဂါမရှိသူ တွေကို (၉၅) ရာခိုင်နှုန်းတိကျစွာ ခွဲခြားနိုင်ခဲ့တယ်လို့ သိရပါတယ်။
အသည်းအဆီဖုံးရောဂါနဲ့ နာတာရှည်အသည်းရောင် အသားဝါရောဂါရှိသူတွေလို အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေမြင့်မားသူတွေကို စောစီးစွာ စစ်ဆေးနိုင်ဖို့ အဲဒီနည်းလမ်းက အထောက်အကူပြုနိုင်မယ်လို့ သိရပါတယ်။
အဆိုပါစစ်ဆေးမှုကို စင်ကာပူမှာ အောက်တိုဘာလ(၁၆) ရက်က စတင်မိတ်ဆက်ခဲ့ပြီး အသည်းရောဂါကို စောစီးစွာသိရှိကာ အချိန်မီကုသမှု ခံယူနိုင်ရေးအတွက် အထောက်အကူပြုဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News