
ရောင်နီ (NP News) - အောက်တိုဘာ ၂၅
ဖိလစ်ပိုင်နိုင်ငံမှာ လေ့ကျင့်ရေး ပျံသန်းမှု ပြုလုပ်နေတဲ့ လေတပ်လေယာဉ် ၂ စင်း ပျက်ကျမှု ဖြစ်ခဲ့ပြီး လေယာဉ်မှူး ၄ ဦး သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က အောက်တိုဘာ ၂၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်ဟာ အောက်တိုဘာလ(၂၃) ရက်၊ သောကြာနေ့ မွန်းလွဲပိုင်း၊ မနီလာမြို့တောင်ဘက် ဘာတန်ဂတ်စ်ပြည်နယ်၊ လီပါမြို့ရှိ ဖာနန်ဒိုလေတပ်စခန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လေယာဉ် (၂) စင်းဟာ လေ့ကျင့်ရေးပျံသန်းမှုပြုလုပ်နေစဉ် အနိမ့်ပိုင်းမှာ လေထဲတိုက်မိခဲ့ပြီးနောက် ပျက်ကျခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ လေယာဉ်မှူး (၄) ဦးစလုံး သေဆုံးခဲ့တာဖြစ်ပေမယ့် မြေပြင်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဖိလစ်ပိုင်လေတပ်က ပြောကြားပါတယ်။
လေယာဉ်ပျက်ကျမှုဖြစ်ရတဲ့အကြောင်းရင်းကိုလည်း တာဝန်ရှိသူတွေက အတည်ပြုထုတ်ပြန်မှုမရှိသေးပါဘူး။ အဲဒီဖြစ်စဉ်ပြီးနောက် ဖိလစ်ပိုင်လေတပ်ဟာ SF-260 အမျိုးအစား လေယာဉ်တွေရဲ့ပျံသန်းမှုကို ယာယီရပ်ဆိုင်း ထားပြီး လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။