
ဂျန်ဇက် (NP News) - အောက်တိုဘာလ ၂၅
တရုတ်အစိုးရကို လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ကြသည့် ဖိလစ်ပိုင်လွှတ်တော်အမတ်များကို တရုတ်နိုင်ငံက အရေးယူဒဏ်ခတ်ရန် စီစဉ်နေသည်ဟူသော သတင်းများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို သီယိုဒိုရို ဂျူနီယာက တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်ချေပလိုက်ကြောင်းသိရသည်။
တရုတ်မီဒီယာတစ်ခုက တရုတ်နိုင်ငံအနေဖြင့် တရုတ်ဆန့်ကျင်ရေး အပြောအဆိုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသော ဖိလစ်ပိုင်လွှတ်တော်အမတ်များကို ဒဏ်ခတ်ပိတ်ဆို့ရန် စီစဉ်နေကြောင်း ဖော်ပြခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက ယင်းကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများသည် သံတမန်ရေးရာ၊ အနောက်ဖိလစ်ပိုင်ပင်လယ်ပြင် (West Philippine Sea) ဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးထောက်ပံ့မှုများ၊ အလုပ်သမားဆိုင်ရာ မူဝါဒများ၊ ခရီးသွားလုပ်ငန်းစီစဉ်ဆောင်ရွက်မှုများ အပါအဝင် နယ်ပယ်အများအပြားအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်းသိရသည်။
ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့အကြား ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်ရာ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက အဆိုပါသတင်းသည်ဝါဒဖြန့်ချိမှု (Propaganda) သက်သက်သာ ဖြစ်သည်ဟု ပယ်ချခဲ့သည်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက"သူတို့ လုပ်ချင်တာကို လုပ်လို့ရပါတယ်။ ဒါတွေအားလုံးက ဝါဒဖြန့်ချိမှုတွေချည်းပါပဲ၊ အဓိကကိစ္စကနေ လမ်းလွှဲနေတာပါ။ သူတို့မှာ အနောက်ဖိလစ်ပိုင်ပင်လယ်ပြင် ၊ အာယွန်ဂင် (Ayungin) ဒါမှမဟုတ် ဘာဂျို ဒီ မာစင်လော့ (Bajo de Masinloc) မှာ ရပိုင်ခွင့် အခွင့်အရေး ရှိလို့လား။ အဲဒါကပဲ အဓိက အချက်ပါပဲ"ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည်အငြင်းပွားမှုဆိုင်ရာ အကြောင်းပြချက်များကို ရှောင်တိမ်းနေကြောင်း၊ အထူးသဖြင့် အနောက်ဖိလစ်ပိုင်ပင်လယ်ပြင်ရှိ ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ဖိလစ်ပိုင်ဘက်ကို အပြတ်အသတ် အသာစီးရစေခဲ့သည့် ခုံရုံးဆုံးဖြတ်ချက်ကို ရှောင်လွှဲနေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်
"သူတို့က အဲဒါကို ဖြေရှင်းမပေးဘဲ ရှိတယ်လို့ပဲ အလွယ်တပြော ပြောနေကြတယ်" ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။