
HtayOung (NP News) - အောက်တိုဘာလ ၂၅
စင်္ကာပူနိုင်ငံ အွန်လိုင်းအရောင်းအဝယ်ပလက်ဖောင်းတစ်ခုတဆင့် ဇူလိုင်လနောက်ပိုင်း ငွေလိမ်ခံရမှု (၆၃) မှု ထက်မနည်း ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၈၀,၀၀၀) ကျော် ဆုံးရှုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ (၂၃) ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်တယ်လို့ “စထရိတ်တိုင်းမ်” (23 October 2026) က ရေးတယ်။
Carousell “ကာရုဆဲလ်” ဆိုတာ အဝတ်အထည်၊ အီလက်ထရွန်နစ်နဲ့ လူသုံးကုန်ပစ္စည်းအစ အိမ်ခြံမြေနဲ့ မော်တော်ကားအဆုံး ပစ္စည်းအဟောင်း/အသစ်တွေကို ကိုယ်တိုင်ဓာတ်ပုံရိုက်ပြီး အလွယ်တကူ ရောင်းဝယ်နိုင်ကြတဲ့ အွန်လိုင်းအရောင်းအဝယ် ပလက်ဖောင်း (Online Marketplace) တစ်ခု ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ အခြေစိုက်ပြီး အခြားအရှေ့တောင်အာရှနိုင်ငံများအထိ အလွန်ရေပန်းစားတဲ့ အရောင်းအဝယ် App တစ်ခု ဖြစ်ပါ တယ်။
လိမ်လည်သူတွေဟာ ကာရူဆဲလ်မှာ ပစ္စည်းဝယ်ယူလိုသူများအဖြစ် ဟန်ဆောင်ပြီး ရောင်းချလိုသူများကို စာပို့ခြင်း သို့မဟုတ် အီးမေးလ်တို့နဲ့ စတင်ဆက်သွယ်ပါတယ်၊ အဲ့ဒီနောက် WhatsApp သို့မဟုတ် Telegram လို အခြား စာပို့အက်ပ်များကိုပြောင်းရွှေ့ဆက်သွယ်ရန် ပြောဆိုလေ့ရှိတယ်။
ပြီးတော့ ကာရူဆဲလ်ငွေတောင်းခံလွှာနဲ့ ပုံစံတူ PDF ဖိုင်များကို ပေးပို့ကြတယ်။ ဖိုင်ထဲမှာ ငွေပေးချေရန် သို့မဟုတ် အရောင်းအဝယ်အတည်ပြုရန်ဆိုတဲ့ QR ကုဒ်နဲ့ လင့်ခ်များ ထည့်သွင်းထားတယ်။ အချို့ကိစ္စတွေမှာ “carousell.app.link” ဆိုတဲ့ ဒိုမိန်းပါ လင့်ခ်ကို အသုံးပြုပြီး ယုံကြည်စိတ်ချရလောက်အောင် ဖန်တီးထားကြ တယ်။
သားကောင်ဖြစ်သူဟာ QR ကုဒ်ကို ဖတ်ခြင်း သို့မဟုတ် လင့်ခ်ကို နှိပ်ခြင်းပြုလုပ်လိုက်တဲ့အခါ တရားဝင် ကာရုဆဲလ် ဝက်ဘ်ဆိုက်နဲ့ တစ်ထေရာတည်း ဆင်တူအောင် ပြုလုပ်ထားတဲ့ ဝက်ဘ်ဆိုက်တုတစ်ခုကို ရောက်ရှိသွားကြတယ်။ အဲ့ဒီမှာ Chatbot ခေါ် အလိုအလျောက် စကားပြန်စနစ်က ငွေလက်ခံရရှိရန် ဘဏ်အကောင့် အတည်ပြုရမယ်လို့ လမ်းညွှန်ပါတယ်။
ဘဏ်ဝက်ဘ်ဆိုက်အတုကို ရောက်ရှိအောင် ထပ်မံပို့ဆောင်ပြီး အင်တာနက်ဘဏ်လုပ်ငန်း၊ အသုံးပြုသူအမည်၊ စကားဝှက်၊ ခရက်ဒစ်ကတ်အချက်အလက်၊ တစ်ကြိမ်သုံးအတည်ပြုကုဒ် (OTP) တို့ကို ဖြည့်သွင်းခိုင်း ကြတယ်။ အချို့ကိုလည်း ဒစ်ဂျစ်တယ်လုံခြုံရေးစနစ်မှတစ်ဆင့် ပေးပို့လာတဲ့ အတည်ပြုချက်များကို ခွင့်ပြုမိရက်သား ဖြစ်သွားအောင် ဖန်တီးထားတတ်တယ်။
အဲဒီလို အချက်အလက်များရရှိသွားပြီးနောက် လိမ်လည်သူများက ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ဘဏ်အကောင့်နဲ့ ခရက်ဒစ်ကတ်များမှ ငွေကြေးထုတ်ယူခြင်း၊ အခြားနေရာများသို့ လွှဲပြောင်းခြင်းတို့ ပြုလုပ်ကြတယ်။ အချို့ ဆိုလျင် နိုင်ငံခြားကတ်များသို့ပင် ငွေကြေးလွှဲပြောင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောတယ်။
စင်္ကာပူရဲတပ်ဖွဲ့ရဲ့ ဩဂုတ် (၂၆) ရက် ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း လိမ်လည်မှု အ မျိုးမျိုးကြောင့် ဆုံးရှုံးငွေမှာ စင်္ကာပူဒေါ်လာ (၄၁၀.၆) သန်းရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် အလားတူကာလမှာ စင်္ကာ ပူဒေါ်လာ (၅၀၀.၂) သန်း ဆုံးရှုံးခဲ့ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေဟာ စင်္ကာပူနိုင်ငံမှာ အများဆုံးတွေ့ရှိရတဲ့ ရာဇဝတ်မှုအမျိုးအစားအဖြစ် သတ်မှတ်ထားရဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတိပေးပါတယ်။
လိမ်လည်မှုများနှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက စင်ကာပူပြည်သူများသည် (၂၄) နာရီဖွင့်လှစ်ထားသော ScamShield အကူအညီဖုန်း 1799 သို့ ဆက်သွယ်နိုင်သလို www\.scamshield.gov.sg ဝက်ဘ်ဆိုက်မှာ လည်း လေ့လာနိုင်တယ်လို့ စထရိတ်တိုင်းမ်က ရေးပါတယ်။
(အကြောင်းအရာတစ်ခုခုအတွက် သင့်အနေနဲ့ သဘောတူညီလျင် စာရွက်-ပုံစံတစ်ခုခု ပေါ်မှာ သင့်ရဲ့အမည်ပါ ထိုးမြဲလက်မှတ်ကို ရေးထိုးပေးရပါတယ်။ အလားတူ အီလက်ထရောနစ်ပလက်ဖောင်းတစ်ခုမှာ သင့်အကောင့် ရဲ့ Password မှာ သင့်ရဲ့ ဒစ်ဂျစ်တယ်နည်းအရ ထိုးမြဲလက်မှတ် ဖြစ်ပါတယ်။ သင်မှလွဲပြီး အခြားသူတစ်ဦး တစ်ယောက်က ဆောင်ရွက်ရန် မဖြစ်နိုင်လောက်အောင် ခဲယဉ်းပါတယ်။
ယနေ့ခေတ် အဝေးမှဆက်သွယ်နိုင်တဲ့ အွန်လိုင်း လိမ်လည်မှုတွေဟာ အဲ့ဒီအချက်ကို လှည့်ဖျားရယူတတ်ကြပါ တယ်။ ။ သတင်းဘာသာပြန်သူ)