NP News

အာဏာချိန်ခွင်လျှာ မညီမျှမှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ အာရပ်သမ္မတနိုင်ငံ

Pika (NP News) - အောက်တိုဘာ ၃ဝ

အာရပ်သမ္မတနိုင်ငံတော်ဆိုသည်မှာ (၁၉၅၈)ခုနှစ်မှ (၁၉၇၁)ခုနှစ်အထိ အရှေ့အလယ်ပိုင်းဒေသ တွင်တည်ရှိခဲ့သော အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အာရပ်သမ္မတနိုင်ငံသည် အီဂျစ်နှင့် ဒုတိယဆီးရီးယားသမ္မတနိုင်ငံတို့ကြားဖွဲ့စည်းခဲ့သည့် နိုင်ငံရေးပေါင်းစည်းမှုတစ်ခုဖြစ်ပြီး (၁၉၆၁) ခုနှစ် ဆီးရီးယားနိုင်ငံအာဏာသိမ်းမှုအပြီးတွင် ဆီးရီးယားကနုတ်ထွက်သွားသဖြင့် သက်တမ်းတို တောင်းစွာ တည်ရှိခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့ရသည်။ သို့သော်လည်း (၁၉၇၁) ခုနှစ် စက်တင်ဘာလတွင် သမ္မတအန်ဝါဆာဒတ်က အာရပ်သမ္မတနိုင်ငံကို တရားဝင်ဖျက်သိမ်းကြောင်းကြေညာချိန်အထိ အီဂျစ် နိုင်ငံက အာရပ်သမ္မတနိုင်ငံဟူသောအမည်ဖြင့် ဆက်လက်ရပ်တည်ခဲ့ကြောင်းသိရသည်။ အာရပ် သမ္မတ နိုင်ငံကို အီဂျစ်နိုင်ငံ၏ ဒုတိယမြောက်သမ္မတ ဂါမယ်အဗ်ဒယ်နက်ဆာကဦးဆောင် ခဲ့ခြင်းဖြစ်ပြီး ယီမင် နိုင်ငံနှင့်အတူဖွဲ့စည်းခဲ့သည့် အာရပ်နိုင်ငံများပြည်ထောင်စုဟုခေါ်သော နိုင်ငံရေး မဟာမိတ်အဖွဲ့တစ်ခု တွင် အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါ အဖွဲ့ကို (၁၉၆၁)ခုနှစ်တွင်ဖျက်သိမ်းခဲ့သည်။ အာရပ်သမ္မတနိုင်ငံသည် အာ ရပ်လူမျိုးများ စည်းလုံးညီ ညွတ်ရေးကိုအခြေခံသည့် သေးငယ်ပြီး သက်တမ်းတိုသော ပေါင်းစည်းမှု ပုံစံ တစ်ခုလည်း ဖြစ်ခဲ့သည်။ ထို့ပြင် အာရပ်သမ္မတနိုင်ငံကို ခေတ်သစ်ကာလတွင် အာရပ်နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် စစ်မှန်စွာ ပေါင်းစည်းဖွဲ့စည်းခဲ့သည့်နိုင်ငံတစ်ခုအဖြစ်လည်း အသိအမှတ်ပြုခဲ့ကြသည်။
သမိုင်းကြောင်း
အာရပ်သမ္မတနိုင်ငံကို (၁၉၅၈)ခုနှစ် ဖေဖော် ဝါရီလ(၁)ရက်တွင်စတင်တည်ထောင်ခဲ့ပြီး ပိုမိုကြီး မားသောအာရပ်နိုင်ငံများစုစည်းမှုဆီသို့ဦးတည် သော ပထမဆုံးခြေလှမ်းတစ်ခုဖြစ်ခဲ့ကာ ယင်းအဆိုပြု ချက်ကို ဆီးရီးယားရှိ စစ်ဘက်နှင့်နိုင်ငံရေးဆိုင် ရာခေါင်းဆောင်များအဖွဲ့က အီဂျစ်သမ္မတ ဂါမယ်အဗ် ဒယ်နက်ဆာထံတင်ပြခဲ့ခြင်းလည်းဖြစ်သည်။ ဆီးရီးယားနိုင်ငံတွင် အာရပ်လူမျိုးများ စုစည်းညီညွတ်ရေး ဆိုင်ရာခံယူချက်က အစဉ်အလာအားဖြင့် အလွန်အားကောင်းခဲ့ပြီး (၁၉၅၆)ခုနှစ်တွင်ဖြစ်ပွားခဲ့သော သုံး နိုင်ငံပူးပေါင်းကျူးကျော် တိုက်ခိုက်မှုဖြစ် ရပ်အပြီးတွင် ဂါမယ်အဗ်ဒယ်နက်ဆာသည် အာရပ် ကမ္ဘာတစ် ဝန်းလုံးတွင် လူကြိုက်များသော သူရဲ ကောင်းတစ်ဦးလည်းဖြစ်လာခဲ့သည်။ ထို့ကြောင့် ဆီးရီးယားနိုင်ငံ တွင်းတွင် ဂါဗယ်အဗ်ဒယ်နက်ဆာဦးဆောင်သောအီဂျစ်နိုင်ငံနှင့်ပေါင်းစည်းရန်အတွက် ပြည်သူလူထုထံ မှ ကြီးမားသောထောက်ခံမှုများကိုရရှိခဲ့ကြောင်းလည်းသိရသည်။ အာရပ်ဆို ရှယ်လစ်ဘာ့သ်ပါတီ ဆီးရီး ယားနှင့်အီဂျစ်ကြား ပေါင်းစည်းမှုကို အဓိကဦးဆောင်တိုက်တွန်းခဲ့သည့် အဖွဲ့လည်းဖြစ်သည်။ (၁၉၅၇) ခုနှစ်အလယ်ပိုင်းလောက်တွင် ဆီးရီးယားနိုင်ငံ၌ ကွန်မြူနစ်များက အာဏာသိမ်းယူတော့မည့် အခြေ အနေမျိုးရှိလာမည်ကို အနောက်အုပ်စုနိုင်ငံများက စိုးရိမ်လာခဲ့ကြပြီး အကြောင်းရင်းမှာ ဆီးရီးယားတွင် စနစ်တကျဖွဲ့ စည်းထားသော ကွန်မြူနစ်ပါတီတစ်ခုရှိနေခြင်းနှင့် စစ်ဦးစီးချုပ်အသစ်အဖြစ်ခန့်အပ်ခံရသူ အာဖစ်အယ်လ်ဘစ်ဇရီက ကွန်မြူနစ်ဝါဒကို ထောက်ခံအားပေး သူတစ်ဦးဖြစ်နေခြင်းတို့ကြောင့် ဖြစ် သည်။ ယင်းအခြေအနေများက (၁၉၅၇)ခုနှစ်တွင် ဆီးရီးယား၌ အကျပ်အတည်းများကိုဖြစ်ပေါ်စေခဲ့ပြီး နောက်ပိုင်းတွင် ဆီးရီးယားနိုင်ငံသားများက အီဂျစ်နိုင်ငံနှင့်ပေါင်းစည်းရန် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ကြသည်။ ထို့နောက် ဂါမယ်အဗ်ဒယ်နက်ဆာက ဆီးရီးယားသမ္မတ Shukri al-Quwatli နှင့် ဝန်ကြီးချုပ် f Khalid al-Azm တို့ပါဝင်သည့် ဆီးရီးယား ကိုယ်စားလှယ်အဖွဲ့ကို ၎င်းတို့ ၏ အစိုးရအဖွဲ့တွင်းတွင် ရှိသောကွန်မြူနစ်များကို ဖယ်ရှားရှင်းလင်းရန်လိုအပ်ကြောင်းပြောကြားခဲ့သော် လည်း ကိုယ်စားလှယ်အဖွဲ့ကမူ အီဂျစ် နိုင်ငံနှင့်လုံးဝပေါင်းစည်းခြင်းကသာ ကွန်မြူနစ်အန္တရာယ်ကို လုံးဝအဆုံးသတ်‌ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။ သို့သော်လည်း အစော ပိုင်းတွင် ဂါမယ်အဗ်ဒယ်နက်ဆာ က ဆီးရီးယားနှင့်လုံးဝပေါင်းစည်းရေးကို လက်မခံခဲ့ဘဲ ဖက်ဒရယ် ပုံစံ ပေါင်းစည်ရေးကိုသာလိုလားခဲ့သော် လည်း ကွန်မြူနစ်များအာဏာသိမ်းယူလာမည်ကို ပိုမိုစိုးရိမ်လာ သည့်အတွက် လုံးဝပေါင်းစည်းရေးကိုသာ သဘောတူညီခဲ့ရသည်။
(၁၉၅၈)ခုနှစ် ဇန်နဝါရီလ(၁၁)ရက်တွင် ဆီးရီး ယားစစ်ဦးစီးချုပ် အာဖစ်အယ်လ်ဘစ်ဇရီ ဦး ဆောင်သော စစ်ဘက်အရာရှိများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ကြိုတင်အသိပေးခြင်း သို့မဟုတ် ဖိတ်ကြားခြင်းမျိုးမရှိဘဲ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ရောက်ရှိလာခဲ့သည်။ ၎င်းတို့ကို အီဂျစ် စစ်ဦး စီးချုပ် အက်ဘ်ဒယ်ဟာကင်းအေမာက လက်ခံတွေ့ဆုံခဲ့ပြီး ဆီးရီးယားနှင့်အီဂျစ်တို့ကြား ပေါင်းစည်းရေး အတွက် အဆိုပြုချက်ကို လက်ခံရရှိခဲ့သည်။ သို့သော်လည်း ပေါင်းစည်းရေးအတွက် ဂါမယ်အဗ်ဒယ်နက် ဆာက ချမှတ်လိုက်သော နောက်ဆုံးစည်းကမ်းချက်များမှာ ပြတ်သားပြီး ညှိနှိုင်း၍မရသည့် အရာများ ဖြစ်ခဲ့ကာ ၎င်းတို့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး၊ နိုင်ငံရေးပါတီများဖျက်သိမ်းရေးနှင့် စစ်တပ်က နိုင်ငံရေးလောကမှ ဆုတ်ခွာပေးရေးတို့ဖြစ်သည်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပမည့်အချက်မှာ ဆီးရီး ယားအထက်လွှာခေါင်းဆောင်ပိုင်းအများစုအတွက် လက်ခံနိုင်ဖွယ်ရာဖြစ်ခဲ့သော်လည်း၊ ကျန်ရှိသည့် စည်းကမ်းချက် နှစ်ခုမှာမူ အလွန်စိုးရိမ်ဖွယ်ရာဖြစ်နေခဲ့ပြီး အဆိုပါအချက်များကြောင့် ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးဘဝ ပျက်စီးသွားလိမ့်မည်ဟုယုံကြည်ခဲ့ကြသည်။ ယင်းကဲ့သို့ စိုးရိမ်ပူပန်မှုများရှိနေသော်လည်း နောက်ကြောင်း ပြန်လှည့်ရန်မဖြစ်နိုင်တော့ကြောင်းကို ဆီးရီးယားတာဝန်ရှိသူများက နားလည်ထားကြ သည့်အတွက် ရှေ့ဆက်လုပ်ရန်သာဆုံးဖြတ်ခဲ့ကြသည်။ (၁၉၅၈)ခုနှစ်‌ ဖေဖော်ဝါရီလ(၂၁)ရက်တွင် ပြည် လုံးကျွတ်ဆန္ဒ ခံယူပွဲများကျင်းပခဲ့ရာ အီဂျစ်နှင့်ဆီးရီးယားပြည်သူ အများစုက နိုင်ငံနှစ်ခုပေါင်းစည်းရေး ကိုထောက်ခံမဲပေးခဲ့ကြသလို ဂါမယ်အဗ်ဒယ်နက်ဆာကို သမ္မတအဖြစ်တင်မြှောက်ရန်လည်း ထောက်ခံ မဲပေးခဲ့ကြသည်။ ထို့နောက် ဖေဖော်ဝါရီလ(၂၂)ရက်တွင် ရလဒ်များကို ကြေညာခဲ့ပြီး ဂါမယ်အဗ်ဒယ်နက် ဆာသည် အာရပ် သမ္မတနိုင်ငံ၏သမ္မတအသစ်အဖြစ်ကြေညာခံခဲ့ရသည်။ သမ္မတဖြစ်လာခဲ့ပြီးနောက် ဂါမယ်အဗ်ဒယ်နက်ဆာသည် ဆီးရီးယားကွန်မြူနစ်များနှင့် နိုင်ငံနှစ်ခု ပေါင်းစည်းရေးဆန့်ကျင်သူများကို နှိမ်နှင်းမှုများပြုလုပ်ခဲ့ပြီး အချို့စစ်ဘက်အရာရှိများကိုလည်း ရာထူးမှထုတ်ပယ်ခဲ့သည်။
အစောပိုင်းကာလ
သမ္မတဖြစ်ပြီးနောက် ဂါမယ်အဗ်ဒဘ်နက်ဆာ သည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကို ပြဋ္ဌာန်းခဲ့ပြီး အီဂျစ်မှအဖွဲ့ဝင်(၄၀ဝ)နှင့် ဆီးရီးယားမှ အဖွဲ့ဝင်(၂၀ဝ)စုစုပေါင်း အဖွဲ့ဝင်(၆၀ဝ)ပါဝင်သော လွှတ်တော်တစ်ရပ်ကိုဖွဲ့စည်းရန် ဖော်ပြထားသည်။ (၁၉၅၉-၁၉၆၀)ခုနှစ် ဆောင်းရာသီနှင့်နွေဦးရာသီ ကာလများအတွင်း ဂါမယ်အဗ်ဒယ်နက်ဆာသည် ဆီးရီးယားနိုင်ငံတွင်းမှထင်ရှားသူများကို အာဏာရှိရာ နေရာများမှ ဖြည်းဖြည်းချင်းစတင်ဖယ်ရှားပစ်ခဲ့ပြီး အီဂျစ်လူမျိုးများကို အာဏာရှိရာနေရာများတွင် အစားထိုးခဲ့ကာ ၎င်း၏အာဏာစက်ကို မေးခွန်းထုတ်ခြင်းမျိုး မရှိလာစေရန်လုပ်ဆောင်ခဲ့သည်။ ယင်း လုပ်ဆောင်ချက်များကြောင့် ဆီးရီးယားနိုင်ငံတွင် အီဂျစ်နှင့် ပေါင်းစည်းထားခြင်းအပေါ် ဆန့်ကျင် ကန့် ကွက်မှုများတိုးပွားလာခဲ့ပြီး ဆီးရီးယားစစ်တပ်အရာရှိများက အီဂျစ်အရာရှိများ၏ လက်အောက်ခံဖြစ် နေရခြင်းကို မကျေမနပ်ဖြစ်ခဲ့ကြသည်။ တစ်ဖက်တွင်ကမ်းပြို တစ်ဖက်တွင်သောင်ထွန်းဆိုသည့် စကား ပုံအတိုင်း ဆီးရီးယားမှာ ခက်ခဲကျပ်တည်းလာခဲ့သော်လည်း အီဂျစ်တွင် အခြေအနေများမှာကောင်းမွန် လာခဲ့ပြီး နိုင်ငံစုစုပေါင်းထုတ်ကုန်တန်ဖိုးမှာ (၄ ဒသမ ၅) ရာခိုင်နှုန်း တိုးလာခဲ့ကာ စက်မှုကဏ္ဍကလည်း လျင်မြန်စွာကြီး ထွားလာခဲ့သည်။ (၁၉၆၀)ပြည့်နှစ်တွင် ဂါမယ်အဗ် ဒယ်နက်ဆာသည် အီဂျစ်သတင်း မီဒီ ယာလောကကို နိုင်ငံပိုင်အဖြစ်သိမ်းပိုက်လိုက်ပြီး ၎င်း၏ကိုယ်ပိုင်သဘောထားများကိုသာ ဖော်ပြပေး သည့်ကိရိယာတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့သည်။ (၁၉၆၀)ပြည့်နှစ် ဇွန်လတွင် ဂါမယ်အဗ်ဒယ်နက်ဆာ သည် ဆီးရီးယား စီးပွားရေးစနစ်ကို အီဂျစ်နိုင်ငံ၏ အားကောင်းသော အစိုးရပိုင်စီးပွားရေးကဏ္ဍနှင့် ကိုက် ညီမှုရှိစေရန်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ပြောင်းလဲမှုများ က စီးပွားရေး နှစ်ခုစလုံးအတွက် သိသာထင်ရှားသောသက်ရောက်မှုများမရှိခဲ့ကြောင်းသိရသည်။ ထို့ နောက် ဂါမယ်အဗ် ဒယ်နာဆာသည် ကြီးမားကျယ်ပြန့်သောနိုင်ငံပိုင်အဖြစ်သိမ်းယူမှုများစွာအပြင် ဝင်ငွေ များသူများကို အခွန်ကောက်ခံခြင်းများနှင့် ၎င်း၏လူမှုတရားမျှတရေးဆိုင်ရာ မူဝါဒများကိုလည်း တိုးချဲ့ ကျင့်သုံးခဲ့ခြင်းကြောင့် အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့သည်။
အာရပ်သမ္မတနိုင်ငံပြိုကွဲခြင်း
ဆီးရီးယားလူမျိုးအများစုမျှော်မှန်းခဲ့ကြသည့် အာရပ်လူမျိုးနှစ်စုပါဝင်သော ပြည်ထောင်စု တစ်ခု ဖြစ်လာမည့်အစား အာရပ်သမ္မတနိုင်ငံသည် အီဂျစ်လူမျိုးများက လုံးဝလွှမ်းမိုးထားသည့်နိုင်ငံတစ်ခု ဖြစ် လာခဲ့သည်။ ထို့ပြင် ဂါမယ်အဗ်ဒယ်နက်ဆာက ဆီးရီးယားနိုင်ငံရှိ နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းရန် တောင်းဆိုခဲ့သဖြင့် ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုများ လည်းအားနည်းသွားခဲ့သည်။ အဆိုပါ ဖြစ် စဉ်တွင် အာဏာဗဟိုချုပ်ကိုင်မှုအလွန်အားကောင်းသော အီဂျစ်နိုင်ငံက ၎င်းထက်အင်အားနည်းပါးသော ဆီးရီးယားနိုင်ငံအပေါ် ဂါမယ်အဗ်ဒယ်နက်ဆာ၏ ဆိုရှယ်လစ်နိုင်ငံရေးနှင့်စီးပွားရေးစနစ်ကို အတင်း အ ကျပ် ချမှတ်ကျင့်သုံးခဲ့သည်။ ယင်းလုပ်ရပ်ကို ဆီးရီးယားရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်တပ် အသိုင်း အဝိုင်းတို့က ပြင်းထန်စွာ ဆန့်ကျင်တုံ့ပြန်ခဲ့ရာမှ (၁၉၆၁)ခုနှစ် စက်တင်ဘာလ (၂၈)ရက်တွင် ဆီးရီးယား ၌ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး နိုင် ငံရေးပြည်ထောင်စုတစ်ခုအနေဖြင့်ဖွဲ့စည်းထားသည့် အာရပ်သမ္မတ နိုင်ငံမှာ ပြိုကွဲအဆုံးသတ်သွားခဲ့ရသည်။ (၁၉၆၁)ခုနှစ် ဩဂုတ်လတွင် ဂါဗယ်အဗ်ဒယ် နက်ဆာက ဒေသ တွင်းအစိုးရအဖွဲ့များကိုဖျက်သိမ်းပြီး ဗဟိုအာဏာပိုင်အဖွဲ့တစ်ခု တည်းဖြင့်အစားထိုး လိုက်ကာ ဒမတ် စကတ်မြို့၊ ကိုင်ရိုမြို့တို့မှတစ်ဆင့် အုပ်ချုပ်ရေးလုပ်ငန်းများကိုလုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ဂါမယ်အဗ်ဒယ်နာဆာက ၎င်းကိုထောက်ခံသော ဆီးရီးယား စစ်တပ်အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး အဗ္ဗဒူလ် ဟာမစ်ဆာရာ့ဂျ်ကို နေရာပြောင်းရွှေ့ခြင်းများလုပ်ဆောင်ခဲ့ပြီးနောက် အခြေအနေများတင်းမာ လာခဲ့သည်။ (၁၉၆၁)ခုနှစ် စက်တင်ဘာလ (၁၅)ရက်တွင် အဗ္ဗဒူလ်ဟာမစ်ဆာ ရာ့ဂျ်သည် ဆီးရီးယားနိုင် ငံသို့ပြန်သွားခဲ့ပြီး စက်တင်ဘာလ (၂၆)ရက်တွင် ၎င်း၏ ရာထူးတာဝန်အားလုံးမှ တရားဝင်နုတ်ထွက် သွားခဲ့ကြောင်းသိရသည်။ ဆီးရီးယားနှင့်ပတ်သက်ပြီး အခြေအနေများစောင့်ကြည့်ပေးမည့် ရင်းနှီးသော မဟာမိတ်များမရှိတော့သည့်အတွက် ဂါမယ်အဗ်ဒယ်နက်ဆာသည် ဆီးရီးယား စစ်တပ်အတွင်း မကျေ နပ်မှုများတိုးပွားလာနေသည်ကို မသိခဲ့ရဖြစ်ခဲ့သည်။ ထို့နောက် စက်တင်ဘာလ (၂၈) ရက်တွင် စစ်အရာ ရှိအုပ်စုတစ်စုက အာဏာသိမ်းပိုက်ခဲ့ပြီး ဆီးရီးယားက အာရပ်သမ္မတနိုင်ငံမှခွဲထွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အာဏာသိမ်း ခေါင်းဆောင်များသည် ဆီးရီးယားနှင့်အီဂျစ်တို့ တန်းတူညီမျှမှုရှိစေမည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြည်ထောင်စုပုံစံကို ပြန်လည်ညှိနှိုင်းရန် ဆန္ဒရှိခဲ့သော်လည်း ဂါမယ် အဗ်ဒယ်လ်နက်ဆာက အပေးအယူလုပ်ရန် ငြင်းပယ်ခဲ့ကြောင်း သိရသည်။ အစပိုင်းတွင် ဂါမယ် အဗ်ဒယ် နက်ဆာက အာဏာသိမ်းခေါင်းဆောင်များကိုဖြုတ်ချရန်အတွက် စစ်တပ်ကိုစေလွှတ်ရန် စဉ်းစားခဲ့သော် လည်း ဆီးရီးယားနိုင်ငံတွင်းရှိ ၎င်း၏မဟာမိတ်များမှာလည်း ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည့် အချိန်တွင် အဆိုပါအကြံကိုစွန့်လွှတ်ခဲ့သည်။ (၁၉၆၁)ခုနှစ်တွင် ဆီးရီးယားက ခွဲထွက်သွားမှုနှင့်အတူ အာရပ်သမ္မတနိုင်ငံမှာ ပြိုကွဲအဆုံးသတ်သွားခဲ့သော်လည်း အီဂျစ်နိုင်ငံ၏ တရားဝင် အမည်မှာ (၁၉၇၁) ခုနှစ်အထိ အာရပ်သမ္မတနိုင်ငံအဖြစ်ပင် ဆက်လက်တည်ရှိနေခဲ့ပြီး (၁၉၇၁)ခုနှစ် စက်တင်ဘာလ (၂) ရက်တွင် ၎င်း၏အမည်ကို အီဂျစ် အာရပ် သမ္မတနိုင်ငံအဖြစ် တရားဝင်ပြောင်းလဲခဲ့သည်။

မူရင်းသတင်း — NP News