
HtayOung (NP News)-အောက်တိုဘာ ၂၈
ယခုရက်ပိုင်း စက်မှုနိုင်ငံကြီး အစိုးရအချို့က (၇၂)နာရီစာ အရေးပေါ်အသုံးအဆောင်တွေ ကြိုတင်ပြင်ဆင်ထား ရန် ပြည်သူအများကို တိုက်တွန်းကြောင်း သတင်းများထွက်ပေါ်လာတယ်။ အဲဒါကို အခြားဥရောပနိုင်ငံတွေရဲ့ (ယူကရိန်းစစ်ပွဲမတိုင်မီ) ယခင်ရှိနှင့်ပြီးသား ကြိုတင်ပြင်ဆင်ရေး လမ်းညွှန်ချက်များ ပေါင်းစပ်ပြီး လူမှုကွန်ရက်မှာ မျှဝေကြရာမှ ပိုမိုစိုးရိမ်မှုများ ဖြစ်ပေါ်နေတယ်လို့ Economic Times (27 October 2026) က ရေး တယ်။
(၇၂)နာရီစာ အရေးပေါ်အသုံးအဆောင်တွေ ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းကြောင်း လတ်တလော သတင်းထုတ်ပြန်ခဲ့တာ အောက်တိုဘာ (၂၂) ရက်နေ့ ဗြိတိန်ဖြစ်တယ်။ ဂျပန်ကလည်း နိုဝင်ဘာ (၂) ရက်မှာ စတင်လည်ပတ်မယ့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ ဆက်စပ်ပြီး အိမ်ထောင်စုတိုင်း အနည်းဆုံး (၃) ရက်စာ၊ ဖြစ်နိုင်ရင် ရက်သတ္တ တစ်ပတ်စာ ကြိုတင်ပြင်ဆင်ထားရေး အကြံပြုဖို့ ရှိနေတယ်။
အမေရိကန်မှာလည်း စစ်အခြေစိုက်စခန်းတွေအနေနဲ့ ပြင်ပအကူအညီ မရရှိဘဲ ရက်-(၉၀) ရပ်တည်နိုင်ရေး စီမံချက်သတင်းတွေ ထွက်ပေါ်ခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေကို (၇၂) နာရီစာ ပြင်ဆင်ဖို့ သတိပေးတာနဲ့ မတူပါ။
ဒီနိုင်ငံသုံးနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ တစ်ခုနဲ့တစ်ခု ညှိနှိုင်းထားကြောင်း အထောက်အထား မရှိပါ။ တစ်ချိန်တည်းနီးပါး တိုက်ဆိုင်စွာ သတင်းထွက်လာခြင်းကို အခြေခံပြီး တစ်ခုခုဖြစ်တော့မယ့်အလား ကောက်ချက်မချသင့်ဘူးလို့ ဂါးဒီးယန်း (23 October 2026) က ဆိုတယ်။
သတင်းဟာ အခြေခံအားဖြင့် မှန်ကန်ပေမယ့် ကမ္ဘာ့နိုင်ငံအားလုံးက အရေးပေါ်အခြေအနေ တစ်ပြိုင်နက်တည်း ကြေညာနေပြီလို့ နားလည်ရင်လည်း မဟုတ်သေးပါဘူး။ တစ်နိုင်ငံချင်းစီရဲ့ ထုတ်ပြန်ချိန်နဲ့ ပြင်ဆင်ထားရန် အကြံပြု ရက်အရေအတွက် မတူညီကြတဲ့အတွက် ဖြစ်တယ်။
အဓိကအားဖြင့် ကြိုတင်ပြင်ဆင်ရေးဖြစ်ပြီး စစ်ပွဲကြီးဖြစ်တော့မယ်လို့ အချိန်ရေတွက်ခြင်း မဟုတ်သလို၊ (၇၂) နာရီအတွင်း ဘေးအန္တရာယ်တစ်ခုခု ဖြစ်မယ့်အကြောင်း သတိပေးချက်လည်း မဟုတ်ပါ။ “ဘေးအန္တရာယ် ဖြစ်လာလျှင် အနည်းဆုံး ပထမသုံးရက်ကို မိမိဘာသာ ရပ်တည်နိုင်အောင် ပြင်ဆင်ထားပါ” ဆိုတဲ့ အကြံပြု ချက်သာဖြစ်တယ်။
ခုမှ တိုက်တွန်းနေခြင်း မဟုတ်ပဲ အလားတူအကြံပြုချက်ထုတ်ပြန်ထားတဲ့ နိုင်ငံများ ယခင်တည်းက ရှိခဲ့ဖူး တယ်။ ၂၀၀၈ ခုနှစ် ကနေဒါအစိုးရ လမ်းညွှန်ချက်၊ ၂၀၂၃ မေ ၁၂ ရက်စွဲပါ ပြင်သစ်အစိုးရလမ်းညွှန်စာမျက်နှာ၊ ဂျပန်နိုင်ငံရဲ့ ၂၀၂၀ ခုနှစ် ဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်မှာလည်း ပါရှိပြီးသားပါ။
အိုင်ယာလန်၊ နယ်သာလန်မှာ (၃)-ရက်စာနဲ့ ဂျာမနီကတော့ အနည်းဆုံး သုံးရက်စာ၊ ဖြစ်နိုင်လျှင် ဆယ်ရက်စာ ပြင်ဆင်ရန် အကြံပြုထားတယ်။ ဒီလို အကြံပြုချက်တွေဟာ အရင်ကတည်းက ရှိခဲ့ပြီး ယခုအခါ ပိုမိုအလေးထားလာခြင်းနဲ့ ပိုကျယ်ပြန့်စွာ ကြားသိလာရခြင်းဖြစ်တယ်။ ယူကရိန်းအပေါ် ရုရှားစစ်ပွဲ၊ နိုင်ငံရေးတင်းမာမှု၊ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ အရေးကြီးအခြေခံအဆောက်အအုံများ ဖျက်ဆီးခံရနိုင်မှုကို အီးယူက အကြောင်းရင်းအဖြစ် တိတိကျကျ ဖော်ပြထားတယ်။
COVID-19 မှာ ရရှိခဲ့ဖူးတဲ့ သင်ခန်းစာအရ ကျန်းမာရေးဝန်ဆောင်မှု၊ ဆေးဝါး၊ အစားအစာ၊ စွမ်းအင်နဲ့ ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်တွေ အကြီးအကျယ် ပြတ်တောက်နိုင်ကြောင်း တွေ့ခဲ့ရပါတယ်။ ကမ္ဘာ့ရာသီဥတုဟာ ပြောင်းလဲနေပြီး ရေကြီး၊ မုန်တိုင်း၊ တောမီး၊ အပူလှိုင်းနဲ့ မိုးခေါင်ခြင်းစတဲ့ ပြင်းထန် သဘာဝဘေးတွေကိုလည်း ထည့်တွက်ထားတယ်။
အဓိကအနေနဲ့ ပထမရက်များမှာ ရေ၊ မီး၊ ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်နိုင်ပြီး ကယ်ဆယ်ရေးအဖွဲ့များလည်း နေအိမ်တိုင်းဆီ ချက်ချင်း မရောက်နိုင်ချိန် မိမိဖာသာ ရှင်သန်ရပ်တည်ရေးဖြစ် တယ်။ အိမ်ထောင်စုအသီးသီးကိုယ်တိုင် ခဏတာရပ်တည်နိုင်လျှင် ကယ်ဆယ်ရေးသမားများက အရေးအကြီးဆုံးလူနာနဲ့ အကူအညီ ပိုမိုလိုအပ်သူတွေကို ဦးစားပေးနိုင်တယ်။ ရေ၊ အစားအစာ၊ ဆေးဝါးနဲ့ အလင်းပစ္စည်း လက်ဝယ်ထားရှိခြင်းကြောင့် ဝန်ဆောင်မှုပြတ်တောက်ချိန်မှာ အိမ်ထောင်စုတွေအနေနဲ့ ပိုမိုရပ်တည်နိုင်တယ်။ ကယ်ဆယ်ရေးဝန်ဆောင်မှုအပေါ် ဖိအားလျော့နိုင်တယ်။
ဒါပေမဲ့ သတိပေးချက်ကို စစ်ပွဲ မုချဖြစ်တော့မယ့် အချက်ပြမှုလို့ နားလည်မှုမှားရင် လူအများ အထိတ်တလန့် ဖြစ်နိုင်တယ်။ အလွန်အကျွံ ဝယ်ယူသိုလှောင်မှုကြောင့် အချို့ပစ္စည်းတွေ ဈေးတက်ခြင်း၊ ယာယီပြတ်လပ်ခြင်း ဖြစ်နိုင်တယ်။ ဝင်ငွေနည်း မိသားစုတွေအတွက် အပိုရိက္ခာဝယ်ယူထားဖို့ ငွေကြေးဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်တယ်။ ဝင်ငွေနည်းသူ၊ နေရာ မလုံလောက်သူ၊ မသန်စွမ်းသူနဲ့ ဆေးဝါး အထူးလိုအပ်သူတွေအနေနဲ့ တပြေးညီ ပြင်ဆင်နိုင် ခြင်း မရှိပါ။ ပစ္စည်းတွေကို တစ်ခါတည်း အများကြီးဝယ်ဖို့မဟုတ်ဘဲ ပုံမှန်ဈေးဝယ်တဲ့အခါ တဖြည်းဖြည်း စုဆောင်းထားသင့်တယ်။