NP News

မြန်မာ့အရေးမှာ ရုတ်တရက် အရေးပါလာတဲ့ “မိုက်ကယ်ဗန့်စ်” ဆိုတာ ဘယ်သူလဲ

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၇

သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာပြီးနောက် (၆)လအတွင်း မှာပဲ မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံကြား ဆက်ဆံရေးပြန်လည်လှုပ်ခတ်လာခဲ့ပြီး စိတ်ဝင်စားမှုတွေ မြင့် တက်လာခဲ့ပါတယ်။ (၂၀၂၆)ခုနှစ် အောက်တိုဘာလအတွင်း သတင်းဖော်ပြချက်တွေအရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး (Assistant Secretary of State for Intellige­nce and Research) ဟာ သမ္မတဦးမင်းအောင်လှိုင်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

(၂၀၂၁)ခုနှစ်နောက်ပိုင်း အမေရိကန်က မြန်မာနိုင်ငံကို ပစ်မှတ်ထား ပိတ်ဆို့မှုတွေချမှတ်ခဲ့သလို မြန်မာနိုင်ငံနဲ့လည်း အပြန်လှန်ဆက်ဆံရေးအေး စက်ခဲ့ပြီး နှစ်နိုင်ငံကြား အဆင့်မြင့်တိုက်ရိုက်ဆက် သွယ်မှုတွေ နည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ (၂၀၂၆)ခုနှစ် စက်တင်ဘာလမှာ မိုက်ကယ်ဗန့်စ်ဦးဆောင်တဲ့ အမေရိကန်အရာရှိအဖွဲ့ဟာ နေပြည်တော်မှာ မြန်မာခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ ကြောင်း Reuters က ဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် မိုက်ကယ်ဗန့်စ်ဟာ သမ္မတဦးမင်းအောင်လှိုင်အပြင် ဂျပန် နိုင်ငံက ကြားခံအိမ်ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့တဲ့ မြန်မာအစိုးရနဲ့ လျှို့ဝှက်ဆွေးနွေးပွဲတွေမှာလည်း ဦး ဆောင်ပါဝင်ခဲ့ပါတယ်။ မိုက်ကယ်ဗန့်စ်ဟာ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း အွန်လိုင်းလိမ် လည်မှု ဂိုဏ်းတွေဖြိုခွင်းရေး၊ ဖမ်းဆီးခံ အမေရိကန်နိုင်ငံသားတွေ ပြန်လွှတ်ရေးနဲ့ မြေရှားသတ္တုကိစ္စတွေ ပါဝင်တယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် တခြားအကြောင်းအရာတွေလည်း ရှိနေတယ်လို့ဆိုနိုင်ပါ တယ်။ ဒါကြောင့် မိုက်ကယ်ဗန့်စ်ဟာ လက်ရှိအချိန်မှာ အမေရိကန်နဲ့ မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန် လာဖို့အတွက် ရုတ်တရက်ပေါ်လာတဲ့ အဓိကအရေးပါနေသူတစ်ဦးလို့ဆိုနိုင်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနရေးရာ လက်ထောက် ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မိုက်ကယ် ဗန့်စ်ဟာ (၂၀၂၆)ခုနှစ် ဩဂုတ်လ(၁၇)ရက်မှာ အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနရေးရာလက်ထောက်ဝန်ကြီးအဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန် စတင်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အမေရိကန်အစိုးရ အဖွဲ့အစည်းတွေမှာ စုစုပေါင်း(၂၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထောက်လှမ်းရေးလုပ်ငန်း တွေ၊ ဖက်ဒရယ်အစိုးရရဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေ၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာလုပ်ငန်းတွေမှာ အတွေ့ အကြုံ အမျိုးမျိုးရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ မိုက်ကယ်ဗန့်စ် ဟာ အမေရိကန်ထောက်လှမ်းရေးအသိုင်း အဝိုင်းအတွင်းမှာ အရေးပါတဲ့အဖွဲ့အစည်းအတော်များများမှာ ခွဲခြမ်းစိတ်ဖြာလေ့လာရေးဆိုင်ရာ တာဝန် တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ မိုက်ကယ်ဗန့်စ်ဟာ အ မေရိကန်အစိုးရအဖွဲ့မှာ နှစ်ပေါင်း (၂၄)နှစ် ကြာတာ ဝန်ယူချိန်အတွင်း အမျိုးသားလုံခြုံရေးအေဂျင်စီ (National Security Agency – NSA) ၊ အမျိုး သားထောက်လှမ်းရေးကောင်စီ (National Intelligence Council)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ထောက်လှမ်းရေးနဲ့သုတေသနဗျူရို (Bureau of Intelligence and Research – INR) နဲ့ အမျိုး သားမြေပြင်စစ်ရေး ထောက်လှမ်းရေး စင်တာ(National Ground Intelligence Center) တို့ ပါဝင်ပါ တယ်။ မိုက်ကယ်ဗန့်စ်ဟာ အဲဒီအဖွဲ့အစည်းတွေမှာတာဝန်ယူချိန်အတွင်း သတင်းအချက်အလက်တွေကို စုဆောင်းလေ့လာတာ၊ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာတာနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို သုံးသပ် တာမျိုးတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ရတယ်လို့သိ ရပါတယ်။ ဒါ့ပြင် (၂၀ဝ၇)ခုနှစ်ကနေ (၂၀ဝ၉) ခုနှစ်အထိ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ (Na­tional Security Council– NSC) မှာ ထောက်လှမ်းရေး အကြံပေးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရာ အမျိုးသားလုံခြုံရေးကောင်စီအတွင်း လုပ်ငန်းဆောင် ရွက်မှုတွေနဲ့ ပူးတွဲလုပ်ကိုင်ပြီး ထောက်လှမ်းရေးဆိုင်ရာအကြံဉာဏ်တွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မိုက် ကယ်ဗန့်စ်ဟာ သူရဲ့ထောက်လှမ်းရေးတစ်လျှောက်မှာ နယ်ပယ်အမျိုးမျိုးကိုလေ့လာသုံးသပ်ခဲ့ပြီး အဲဒီ အထဲမှာ အဓိကအားဖြင့် နယ်ပယ်သုံးခုကို အဓိကထားဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
မိုက်ကယ်ဗန့်စ် အဓိကထား ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းနယ်ပယ်တွေထဲမှာ ပထမတစ်ခုကတော့ တရုတ်နိုင်ငံရဲ့ စစ်ရေးစွမ်းရည်နဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ရည်ရွယ်ချက်တွေဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အား၊ စစ်ရေးစွမ်းဆောင်ရည်တွေ နဲ့ နိုင်ငံတကာမှာ တရုတ်နိုင်ငံက ဘယ်လို မူဝါဒတွေ ချမှတ်ဆောင်ရွက်နိုင်သလဲဆိုတာတွေကို လေ့လာ သုံးသပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် မိုက် ကယ်ဗန့်စ်ဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေအတွင်း လက်နက်ကိုင်အစွန်းရောက်မှုနဲ့ စစ် သွေးကြွလှုပ်ရှားမှုဆိုင်ရာကိစ္စရပ်တွေကို လေ့လာသုံးသပ် အကြံပေး ခဲ့ရာ သူရဲ့လေ့လာမှုတွေထဲမှာ အ ရှေ့တောင်အာရှဒေသရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေ ပါဝင်ခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။ ဒါ့ပြင် ၎င်းဟာ နျူကလီးယားလက်နက် ပြန့်ပွားမှုဆိုင်ရာကိစ္စရပ် တွေကိုလည်း လေ့လာဆောင်ရွက်ခဲ့ပြီး နျူကလီးယားလက်နက်နဲ့နည်းပညာတွေဟာ နိုင်ငံတစ်နိုင်ငံ ကနေ တခြားနိုင်ငံတွေ၊ အဖွဲ့အ စည်းတွေဆီပျံ့နှံ့သွားနိုင်တဲ့အခြေအနေတွေကို လေ့လာသုံးသပ်ခဲ့တာ မျိုးဖြစ်ပါတယ်။ ဒါ့ပြင် (၂၀ဝ၆) ခုနှစ်မှာ မိုက်ကယ်ဗန့်စ်ဟာ သူရဲ့ကြိုးစားဆောင်ရွက်မှုတွေအတွက် DNI Exceptional Analyst ဆုနဲ့ အသိအမှတ်ပြုခံခဲ့ရပြီး အဲဒီဆုဟာ ထူးချွန်တဲ့ထောက်လှမ်းရေးခွဲခြမ်း စိတ် ဖြာလေ့လာသူတစ်ဦးအဖြစ် သူ့ ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ မိုက်ကယ် ဗန့်စ်ဟာ ထောက်လှမ်းရေးအပြင် လုံခြုံရေးနဲ့ဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာလည်း လုပ်ကိုင်ခဲ့ဖူးရာ အတွေ့ကြုံရင်ကျက်သူလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ဗန့်စ်ရဲ့အတွေ့အကြုံဟာ ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာမှုလုပ်ငန်းတွေနဲ့ပဲ အကန့်အသတ်ရှိနေတာမဟုတ်ဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ သံတမန်ရေးရာလုံခြုံရေးဌာန (Diplo­matic Security Service) မှာ အထူးအေးဂျင့် (Special Agent) အဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီကာလအတွင်း မိုက်ကယ်ဗန့်စ်ဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ သံသယရှိသူတွေ၊ အမှုနဲ့ ဆက်စပ်သူတွေကို ရှာဖွေဖော်ထုတ်တဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေမှာပါဝင်ခဲ့သလို Office of Mobile Security Deployments လို့ခေါ်တဲ့ ရွေ့လျားလုံခြုံရေးတပ်ဖွဲ့ဆိုင်ရာဌာနမှာလည်း နည်းဗျူဟာမြောက် လုံခြုံရေးစစ်ဆင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် (၂၀၁၉)ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ Assistant Regional Security Officer အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်သံတမန်ရေးရာလုပ်ငန်းတွေနဲ့ ဆက်စပ် တဲ့ ဒေသဆိုင်ရာ လုံခြုံရေးဆောင်ရွက်မှုတွေမှာ ပါဝင်ရတဲ့တာဝန်တစ်ခု ဖြစ်ပါတယ်။
အဲဒီအချက်တွေကိုလေ့လာကြည့်မယ်ဆိုရင် မိုက်ကယ်ဗန့်စ်ဟာ ထောက်လှမ်းရေးအချက်အ လက်တွေကိုလေ့လာသုံးသပ်တဲ့ အတွေ့အကြုံတင်မကဘဲ မြေပြင်လုံခြုံရေး၊ စုံစမ်းစစ်ဆေးရေးနဲ့ နိုင်ငံ ခြားရေးဆိုင်ရာ လုံခြုံရေးလုပ်ငန်းတွေမှာလည်း အတွေ့အကြုံရှိခဲ့သူဖြစ်ပါတယ်။ မိုက်ကယ်ဗန့်စ်ဟာ အိမ်ဖြူတော်မှာ အာရှရေးရာအကြံပေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသလို (၂၀၂၅)ခုနှစ် ဇန်နဝါရီလက နေ (၂၀၂၆) ခုနှစ် ဩဂုတ်လအထိ သူဟာ အမေရိကန်ဒုတိယသမ္မတရဲ့ အာရှရေးရာနဲ့နျူကလီးယားပြန့် ပွားမှုဆိုင်ရာကိစ္စရပ်တွေအတွက် အကြံပေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဒီနေရာမှာ အာရှရေးရာဆိုတာ အာရှဒေသနဲ့ပတ်သက်တဲ့ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ မူဝါဒဆိုင်ရာကိစ္စရပ်တွေကိုဆိုလိုတာဖြစ်ပြီး နျူကလီးယားပြန့်ပွားမှုဆိုင်ရာ ကိစ္စရပ်တွေကတော့ နျူကလီးယားလက်နက်နဲ့ နည်းပညာတွေပျံ့နှံ့မှုကို ထိန်းချုပ်ရေး၊ လုံခြုံရေးနဲ့ဆက် စပ်တဲ့ မူဝါဒပိုင်းဆိုင်ရာကိစ္စတွေဖြစ်ပါတယ်။
ဒါ့ပြင် (၂၀၂၅)ခုနှစ် အောက်တိုဘာလကနေ (၂၀၂၆)ခုနှစ် ဩဂုတ်လအထိ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာဝန်ကြီးအောက်ရှိ ဒုတိယဝန်ကြီး (Under Secretary for Political Affairs) ထံမှာလည်း အကြီးတန်းအကြံပေးအဖြစ် တစ်ပြိုင်နက်တည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီတာဝန်မှာ အထူးသဖြင့် အရှေ့တောင်အာရှဒေသနဲ့ပတ်သက်တဲ့ အမေရိကန်နိုင်ငံရဲ့မူဝါဒတွေကို အဓိကထားလုပ်ကိုင်ခဲ့တယ်လို့ တရားဝင် ကိုယ်ရေးအကျဉ်းမှာဖော်ပြထားပါတယ်။ ဒီအချက်က သူ့အ တွေ့အကြုံမှာ အာရှရေးရာနဲ့ အရှေ့တောင်အာရှရေးရာ မူဝါဒတွေဟာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအ ဖြစ်ပါဝင်နေတယ်ဆိုတာကိုဖော်ပြနေပါတယ်။
မိုက်ကယ်ဗန့်စ်ဟာ လန်ဒန်တက္ကသိုလ်အောက်ရှိ School of Oriental and African Studies (SOAS) မှာ တရုတ်လေ့လာရေးဘာသာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့ (Master of Arts) ရရှိထားသူဖြစ်ပါတယ်။ မိုက်ကယ်ဗန့်စ်ဟာ အမေရိကန်နိုင်ငံက Emory and Henry College မှာ နိုင်ငံတကာ လေ့လာရေး ဘာသာရပ်နဲ့ ဝိဇ္ဇာဘွဲ့ (Bachelor of Arts) ကိုလည်း ရရှိထားပါတယ်။
သူဟာ တရုတ်ဘာသာစကားကိုလည်းသင်ယူခဲ့ဖူးပြီး တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ အင်္ဂလိပ် ဘာသာစကားသင်ကြားပေးခဲ့ဖူးသူဖြစ်ရာ တရုတ်နိုင်ငံနဲ့ အာရှဒေသဆိုင်ရာကိစ္စရပ်တွေမှာ ကျွမ်းကျင် သူလို့ဆိုနိုင်ပါတယ်။ သူဟာ နိုင်ငံရေးစကားကောင်းလို့ ရာထူးရလာသူမဟုတ်ဘဲ အမေရိကန် ဖက်ဒရယ် အစိုးရအဖွဲ့အတွင်းမှာ (၂၄)နှစ်ကျော် စနစ်တကျ လေ့ကျင့်တည်ဆောက်ခဲ့သူဖြစ်ပါတယ်။ ဒါ့ပြင် မိုက် ကယ်ဗန့်စ်ဟာ SOAS လန်ဒန်တက္ကသိုလ်ကနေ တရုတ်လေ့လာရေးမဟာဘွဲ့ရရှိခဲ့သလို၊ တရုတ်နိုင်ငံမှာ လည်း ကိုယ်တိုင် ဘာသာစကားသင်ယူခဲ့သူဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့ စစ်ရေးစွမ်းရည်များ၊ နိုင်ငံ ခြားရေးမူဝါဒရည်ရွယ်ချက်များနှင့် အရှေ့တောင်အာရှပဋိပက္ခများကို ပါရဂူအဆင့် စိစစ်နိုင်သူဖြစ်တယ် လို့ဆိုကြပါတယ်။ ဒါ့ပြင် အိမ်ဖြူတော် အမျိုးသားလုံခြုံ ရေးကောင်စီ (NSC)၊ ဒုတိယသမ္မတရုံးရဲ့ အာရှ ရေးရာ အထူးအကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှ မူဝါဒဆိုင်ရာအကြံပေး ရာထူး တွေကိုတာဝန်ယူရင်း အမေရိကန်ရဲ့မဟာဗျူဟာမြောက် မူဝါဒရေးရာတွေကို ပုံဖော်ပေးခဲ့သူဖြစ်ပါတယ်။ မိုက်ကယ်ဗန့်စ်ဟာ ဘက်မလိုက်ဘဲ အမှန်တရားကိုသာ ဦးတည်တဲ့စိတ်ထားမျိုးရှိသူလို့ဆိုကြပြီး INR ဗျူရိုရဲ့အဓိကယဉ်ကျေးမှုအတိုင်းပဲ လုပ်ကိုင်ဆောင်ရွက်သူဖြစ်ပါတယ်။ ၎င်းဟာ နိုင်ငံရေးအရ အကြိုက် လိုက်ပြောတာ၊ သတင်းအချက်အလက်ကို အရောင်ဆိုးတာ မျိုးမလုပ်ဘဲ၊ တွေ့ရှိရတဲ့ “ဒေတာ အမှန်” ကိုပဲ ဝန်ကြီး နဲ့သမ္မတထံ ပွင့်လင်းစွာတင်ပြပြီး ဘက်မလိုက်ဘဲ အမှန်တရားကိုသာ ပုံဖော်သူဖြစ်ပါ တယ်။ မိုက်ကယ်ဗန့်စ်ဟာ တိတ်တဆိတ်လှုပ်ရှားရတာကို နှစ်သက်သူဖြစ်ရာ မီဒီယာတွေမှာ ပေါ်လွင် အောင်နေတတ်သူမဟုတ်ပါဘူး။
မိုက်ကယ်ဗန့်စ်ဟာ မူဝါဒရေးဆွဲရေး ရုံးခန်းထဲမှာတင်ထိုင်မနေဘဲ မြေပြင်စုံစမ်းရေးစစ်ဆင်ရေး တွေမှာပါ ကိုယ်တိုင်ပါဝင်ခဲ့ဖူးတာကြောင့် စီမံကိန်းတွေကို သေချာစနစ်တကျပြင်ဆင်ပြီးမှ တိတ်တ ဆိတ် ထိရောက်စွာဆောင်ရွက်တတ်တဲ့ စရိုက်လက္ခဏာမျိုးရှိပါတယ်။ ၎င်းဟာ အမေရိကန်နိုင်ငံသား တွေရဲ့ လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့ကိစ္စရပ်တွေကို သတင်းအချက်အလက် စိစစ်မှုတွေကိုအသုံးပြု၍ ပြတ်ပြတ်သားသားတိုက်ဖျက်ဖို့ လက်တွန့်လေ့မရှိဘဲ ဆောင်ရွက်တတ်သူမျိုး ဖြစ်ပါတယ်။ မိုက်ကယ်ဗန့်စ်ဟာ လုပ်ငန်းတွေကိုဆောင်ရွက်ရာမှာ လက်တွေ့ကျကျ ရေရှည်ကြည့်မြင် သူမျိုးဖြစ်ပြီး အရင်းခံ သံတမန်ရေးစကားလုံးများ ထက် နိုင်ငံရဲ့ မဟာဗျူဟာမြောက် လုံခြုံရေးနဲ့စီးပွား ရေးဆိုင်ရာ အကျိုးစီးပွားအတွက် ဥပမာ ရှားပါးမြေထွက်ဒြပ်စင်ရရှိရေးနဲ့ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှု ထိန်း ညှိရေးကို ဦးစားပေးသုံးသပ်တတ်တဲ့ လက်တွေ့ကျတဲ့ ရေရှည်ကြည့်မြင်သူဖြစ်ပါတယ်။ မိုက်ကယ် ဗန့်စ် နဲ့ မြန်မာအစိုးရတာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးပြီးနောက် အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုအ ရိပ်ယောင်တွေရှိလာခဲ့ပြီး အမေရိကန်အစိုးရ ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ထားသူတချို့ကို ပြန်လည်ဖြေ လျှော့ပေးခဲ့ပါတယ်။ မိုက်ကယ်ဗန့်စ်ဟာ မြန်မာနိုင်ငံနဲ့အမေရိကန်အစိုးရကြား ဆက်ဆံရေး ပိုမိုကောင်း မွန်စေဖို့ ဘယ်လိုမျိုး ကြားဝင်ညှိနှိုင်းဆောင်ရွက်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။

မူရင်းသတင်း — NP News